အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒို၊ ဘိလိယက်နှင့်စနူကာ အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၄ရက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြာရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ များ၏လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံသို့ရောက်ရှိရာ အမျိုးသားတစ်ဦးချင်း တီထွင်ကကွက် (freestyle poomsae)တွင် ညိုမင်းလွင် မှလည်းကောင်း၊ Recognized poomsae pair ကျား+မ နှစ်ဦး ပြိုင်ပွဲအတွက် ကောင်းဇင်ခန့်နှင့် အေးမြသူဇာတို့မှလည်းကောင်း၊ အတိုက်အားကစားနည်း – ၈၀ ကီလိုအောက်ပြိုင်ပွဲတွင် ဇော်လင်းထက်နှင့် ရှိုင်းထက်အောင်တို့မှလည်းကောင်း အသီးသီး ပြသ၊ ယှဉ်ပြိုင်ကစားမှုတို့အားကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)ရှိ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမသို့ရောက်ရှိပြီး ဘိလိယက်အသင်း လိုက်ပြိုင်ပွဲတွင် ချီးမြှင့်မည့် ရွှေတံဆိပ်ဆုရရှိရေးအတွက် ဘိလိယက်နှစ်ယောက်တွဲ ပြိုင်ပွဲ အနေဖြင့် ဦးပေါက်စ က တစ်ဖက် မောင်အောင်ဌေးနှင့် မောင်နေသွေးဦးတို့ကတစ်ဖက် ယှဉ်ပြိုင် ကစားခဲ့ရာ မောင်အောင်ဌေးနှင့် မောင်နေသွေးဦးက (၃)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိပါသည်။

ယင်းနောက် စနူကာတစ်ဦးချင်းပြိုင်ပွဲတွင် မောင်ဝင်းကိုကိုနှင့်မောင်အောင်ဖြိုးတို့ ယှဉ်ပြိုင် ကစားရာ မောင်ဝင်းကိုကိုက (၃)ပွဲ ပွဲမရှိဖြင့်လည်းကောင်း၊ အခြားစနူကာတစ်ဦးချင်းပြိုင်ပွဲတွင် မောင်မျိုးသူရအောင်နှင့်မောင်ကျော်ဝေယံစိုးတို့ ယှဉ်ပြိုင်ကစားရာ မောင်မျိုးသူရအောင် က (၃)ပွဲ (၁)ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမရရှိသည့် မောင်အောင်ဌေးနှင့် မောင်နေသွေးဦး တို့အတွဲနှင့် ဒုတိယရရှိသွားသည့် ဦးပေါက်စ တို့အား ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဋ္ဌ တို့က စနူကာလက်ရွေးစင် အားကစားသမားများကို လည်းကောင်း အသီးသီး ဂုဏ်ပြုဆုများ ချီးမြှင့် ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်/နည်းပြများ နှင့် အားကစားသမားများအား ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် နီးကပ်လာပြီဖြစ်သည့် အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး လေ့ကျင့်မှုများပြုလုပ်ရာတွင် Injury မရရှိအောင် ဂရုစိုက်လေ့ကျင့်ကြရန်၊ သွား/လာ နေထိုင်စားသောက်ရေးကိစ္စရပ်များ ၊ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင် အောင်နိုင်ရေးကိစ္စရပ်များအား အဓိကထားဆောင်ရွက်စေလိုကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ရာသီတုပ်ကွေးရောဂါများ ကူးစက်မခံရအောင် အထူးဂရုစိုက်ကာကွယ်ကြစေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် မိမိပြိုင်ဘက် ၏ အားနည်းချက် အားသာချက်များကို သိရှိနားလည်ပြီး နောက်ဆုံးအကြိမ် နောက်ဆုံးစက္ကန့်အထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ဝီရိယများဖြင့် အကောင်းဆုံး ကြိုးစားသွား စေလိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများ၏ စီမံကွပ်ကဲမှုများအား လေးစားလိုက်နာ ဆောင်ရွက် ကြစေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၏ ကိုယ်နှုတ်အမူအရာ အပြုအမူကောင်းများဖြင့် နိုင်ငံ့ဂုဏ်ကို မြင့်တက်စေရန် အမိနိုင်ငံတော် အတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်နှင့် ရွှေတံဆိပ်ဆု ရရှိသူများအား နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသကဲ့သို့ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဂုဏ်ပြု ချီးမြှင့်ငွေများကို ချီးမြှင့်သွား မည်ဖြစ်၍ ကြိုးစားကြစေလိုကြောင်းမှာကြားခဲ့ပြီး လိုအပ်ချက်များ အား ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။