![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဒက္ခိဏသီရိခရိုင်အတွင်း ဘောလုံးကွင်း ဖောက်လုပ်နိုင်မှုအခြေအနေများနှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း တည်ဆောက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာ ၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိခရိုင်၊ ရန်အောင်မြင် ကျေးရွာအုပ်စု၊ ရွာမကျေးရွာ ဘောလုံးကွင်းသစ် ဖောက်လုပ်နိုင်ရေး အခြေအနေများအား ကွင်းဆင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဘောလုံးကွင်းသစ်ဖောက်လုပ်ရန် လျာထားသော မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး မြေရာဇဝင်၊ မြေပိုင်ဆိုင်မှုနှင့်မြေပုံရေးဆွဲခြင်း အစီရင်ခံစာ ဆက်လက် တင်ပြနိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များပြုစုခြင်းစသဖြင့်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်း အုတ်တံတိုင်းကာရံနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီနှင့် QC ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အုတ်တံတိုင်းကြံ့ခိုင်မှု အရည်အသွေးပြည့်မီပြီး အချိန်မီပြီးစီးစေရေး၊ အားကစားကွင်းအတွင်းသို့ ဝင်ရောက်မည့် ဝင်ပေါက် နေရာများနှင့် ကားရပ်နားမည့်နေရာ မှန်ကန်မှုရှိစေရေး၊ မြေနိမ့်ပိုင်းများအား မြေဖို့၍ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာအား ကြည့်ရှု စစ်ဆေးကာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။




