![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့နေ့လည် (၁၃:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ လက်ထောက်အတွင်းဝန်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားခဲ့ပြီး ဌာနခွဲများအလိုက် ဝန်ထမ်းများက အသီးသီး တင်ပြခဲ့ကြရာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး၊ သက်ပြည့်အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (၄)လခံစားမည့် ပြည်တွင်း/ပြည်ပဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်မြင့်အား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါ သည်။
နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ဆက်လက်ကြိုးစားသွားရန်လိုကြောင်း၊ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်းနှင့် မိမိအနေဖြင့်လည်း ဝန်ထမ်းများ၏ အခက်အခဲများကို ကူညီ ဖြေရှင်း၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။





