![]()
အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အာမခံအကာအကွယ်ပေးအပ်ခြင်းသဘောတူညီမှု စာချွန်လွှာအားလက်မှတ်ရေးထိုး
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက်
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ် ကျိုက္ကဆံအားကစား ကွင်းအတွင်းရှိ သက်ဆိုင်ရာ လေ့ကျင့်ရေးကွင်း/လေ့ကျင့်ရေးရုံများ၌ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်၊ ဝူရှူး၊ ခြင်းလုံး၊ ပန်ကြပ်ဆီလပ်နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ် /နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများရရှိစေရေး အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအား တစ်ဆင့်ပြန်လည်မှာကြား ပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲနီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုကြောင်း၊ ပုံမှန်လေ့ကျင့်မှုများပြုလုပ်ပြီး Injury မရရှိအောင် ဂရုစိုက်လေ့ကျင့်ကြရန်လိုကြောင်း ၊ ပြိုင်ပွဲသို့သွားရောက်ရာတွင် နှာခေါင်းစည်း Mask များ ယူဆောင်သွားကြရန်နှင့် ဝမ်းပျက် ဝမ်းလျှောရောဂါ၊ရာသီတုပ်ကွေးရောဂါများ မကူးစက်မဖြစ်ပွားစေ ရေးအတွက် အထူးဂရုစိုက် ကာကွယ် သွားကြစေလိုကြောင်း၊ မိမိတို့၏ လည်ဆွဲကတ်များအား မပျောက်ပျက်စေရန်နှင့် မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်ပွားအောင် အလေးထားဆောင်ရွက်သွားစေလိုကြောင်း၊ သွား/လာနေထိုင် စားသောက်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်နှင့် ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ရရှိထားသည့် စံချိန်၊ စံညွှန်း၊ စံနှုန်းများအတိုင်း ယှဉ်ပြိုင် ကစားသွားကြရန်လိုကြာင်း၊နိုင်ငံ့ဂုဏ်ကိုမြင့်တက်စေရန်ကိုယ်နှုတ်အမူအရာ အပြုအမူကောင်း များဖြင့် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင် နောက်ဆုံးအကြိမ်၊ နောက်ဆုံးစက္ကန့်အထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ၊ ဝီရိယများဖြင့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားစေလိုကြောင်း ၊ ပြိုင်ပွဲကာလအတွင်း အုပ်ချုပ်သူ/နည်းပြများ၏ စီမံကွပ်ကဲမှုများအတိုင်း လိုက်နာဆောင်ရွက် ကြစေလိုကြောင်း၊ ရွှေတံဆိပ်များ ဆွတ်ခူးရရှိပါက နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်ခဲ့သော အစဉ်အလာရှိသည့် အားကစားနည်းများဖြစ်သည့်အတွက် အမိနိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူနိုင်ပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆာင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး၊ ဧရာမြန်မာအသက်အာမခံမှ Managing Director တို့နှင့် အတူ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (33rd SEA Games )တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် အသက်အာမခံ အကာအကွယ်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် နိုင်ငံ့ကိုယ်စားပြု မြန်မာ့လက်ရွေးစင် အားကစားသမားများ အမိမြေမှ စတင်ထွက်ခွာသည့်အချိန်မှ စတင်ပြီး ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သည့် ကာလတစ်လျှောက် အသက်အာမခံကိစ္စနှင့် ပတ်သက်သည့် ကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးသည့် ဧရာမြန်မာ အသက်အာမခံ ကုမ္ပဏီအား များစွာကျေးဇူး တင်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ကိုယ်စားပြု မြန်မာ့လက်ရွေးစင်အားကစားသမားများသွားရောက်ယှဉ်ပြိုင်နေစဉ်ကာလအတွင်း နောက်ဆံမတင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကိုယ်စားပြု တာဝန်ယူ ဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်စေလိုကြောင်း ၊ ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိလာပါက နိုင်ငံတော်အကြီးအကဲနှင့် ဝန်ကြီးဌာနတို့မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားအောင်မြင်ရေးနှင့် အားကစားသမားများ စိတ်ဓာတ်ခွန်အား အပြည့်အဝရရှိစေရေးအတွက် နိုင်ငံတော်အစိုးရ ၊ ဝန်ကြီးဌာန၊ အဖွဲ့ချုပ်များနှင့် တစ်နိုင်ငံလုံးမှ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးပါက အောင်မြင်မှုများ ပိုမိုရရှိလာနိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဧရာမြန်မာ အသက်အာမခံမှ Managing Director ဦးကျော်လွင်မြင့်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် အာမခံအကာအကွယ် ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဧရာမြန်မာ အသက်အာမခံမှ Managing Director ဦးကျော်လွင်မြင့်တို့က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အားကစား သမားများအတွက် အာမခံအကာအကွယ်ပေးအပ်ခြင်း သဘောတူညီမှု စာချွန်လွှာအား လက်မှတ်ရေး ထိုးပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။







