![]()
၂၀၂၆ ခုနှစ် အာရှဖလား ခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ) ပွဲစဥ်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်း (၃)ပွဲနိုင် (၁)ပွဲသရေ ကစားခဲ့သည့်အတွက် ရမှတ် (၁၀) မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက်
၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)၏ ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ လူငယ်အားကစား လေ့ကျင့်ရေးစခန်းသုဝဏ္ဏ ဘောလုံးကွင်း၌ကျင်းပခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့် ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အမှုဆောင်များ ၊ ဌာနဆိုင်ရာ များမှတာဝန်ရှိသူများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဘောလုံးအားကစား ဝါသနာရှင်ပရိသတ်အင်အား သုံးသောင်းကျော်ခန့် ကွင်းလုံးပြည့် တစ်ခဲနက်လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ပြိုင်ပွဲတွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းနှင့် ဆီးရီးယား U-17 အမျိုးသား ဘောလုံး အသင်းတို့သည် ပထမပိုင်း ၄၅ မိနစ်တွင် ဂိုးရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ၉ မိနစ် ၅၂ စက္ကန့်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ ညီညီသန့် ကျောနံပတ်(၁၀) က မြန်မာအသင်းအတွက် ပထမအဖွင့်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ၁၄ မိနစ် ၄၂ စက္ကန့်တွင် ဆီးရီးယား U-17 အမျိုးသားဘောလုံးအသင်းမှ AHMAD ALFARAJ ကျောနံပတ်(၉)က ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီးနောက် မြန်မာ U-17 အမျိုးသားဘောလုံး အသင်းမှ လင်းရောင် ကျောနံပါတ် (၈) အစား ဝင်းမင်းသန့် ကျောနံပါတ် (၆) အား လူစား လဲလှယ်ကစားခဲ့ရာ ၊ ၃၄ မိနစ် ၀၄ စက္ကန့်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ အန့်ထူးပိုင် ကျောနံပတ်(၇) က ဒုတိယအနိုင်ဂိုးအား ထပ်မံသွင်းယူနိုင်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယပိုင်း ၈၅မိနစ် ၄၀စက္ကန့်တွင် ဆီးရီးယား U-17 အမျိုးသား ဘောလုံး အသင်းမှ ODEY ALFASHTAKI ကျောနံပါတ် (၁၆) က ချေပဂိုးအား ထပ်မံသွင်းယူခဲ့ သည်။ မြန်မာ U-17 အမျိုးသားဘောလုံးအသင်းအနေဖြင့် ဂိုးထပ်မံရရှိရေး အတွက် အကြိတ်အနယ် တိုက်စစ်ဆင် ယှဉ်ပြိုင် ကစားခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးချိန်တွင် တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
အဆိုပါပွဲစဉ်တွင် ပထမပိုင်း၌ ကျောနံပတ် (၃) မြင့်မြတ်ကိုကို၊ ကျောနံပတ် (၄)မျိုးခန့်ကျော်၊ ကျောနံပတ် (၅)အသင်းခေါင်းဆောင် အောင်သီဟ ၊ ကျောနံပတ်(၇)အန့်ထူးပိုင် ၊ ကျောနံပါတ် (၈) လင်းရောင် ၊ ကျောနံပါတ် (၁၀)ညီညီသန့် ၊ ကျောနံပါတ် (၁၃)မြတ်မင်းသူ ၊ ကျောနံပါတ် (၁၅) ဝင်းဇော် ၊ ကျောနံပါတ် (၁၆)ချန်းလန်းတိန့် ၊ ကျောနံပါတ် (၁၈) ထက်ဝေယံ ၊ ကျောနံပါတ် (၁၉) ရဲနိုင်အောင် အားကစားသမား (၁၁) ဦးတို့က အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ပြီး ဒုတိယပိုင်း (၄၅) မိနစ်တွင် ကျောနံပတ် (၁၉) ရဲနိုင်အောင် အစား ကျောနံပတ်(၉) ဒီဝေယံ က လည်းကောင်း ၊ ကျောနံပတ်( ၁၆ ) ချန်လန်တိန့် အစား ကျောနံပတ်(၂)ပိုင်စိုးကျော် က လည်းကောင်း၊ ကျောနံပတ်( ၁၀ ) ညီညီသန့်အစား ကျောနံပတ် (၂၃)ကောင်းခန့် တို့က လည်းကောင်း လဲလှယ် ယှဉ်ပြိုင်ကစားခဲ့သည်။
မြန်မာအသင်းသည် (၄)ပွဲကစားရာတွင် (၃)ပွဲနိုင် (၁)ပွဲသရေ ရရှိခဲ့သည့်အတွက် ရမှတ် (၁၀) မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ပြီး အာရှဘောလုံးအဖွဲ့ချုပ်မှကြီးမှူး၍ ဆော်ဒီအာရေဗျနိုင်ငံ တွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် U-17 အာရှဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခုခြေစစ်ပွဲသို့ အောင်မြင်ခဲ့သည့် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ U-17 အမျိုးသားဘောလုံးအသင်းကို ငွေကျပ်သိန်း(၁၀၀၀) ဂုဏ်ပြုချီးမြှင့် ခဲ့ကြောင်း သိရသည်။




