![]()
(၃၃)ကြိမ်မြောက်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၂၀
(၃၃)ကြိမ်မြောက်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ကျေးဇူးတင်စကားပြောကြားရာတွင် ယခုလို မြန်မာ့အားကစား အောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်အောင် အလှူငွေများ လာရောက်ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် များစွာဝမ်းသာမိပါ ကြောင်း၊ ယခုလာရောက်လှူဒါန်းပေးအပ်ခဲ့သည့် အလှူငွေများကို အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ အတွက် စနစ်တကျ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ အားကစားနည်း ၃၈ နည်းဖြင့် စနစ်တကျ စုဖွဲ့ လေ့ကျင့်ပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် အသင့်အနေထားရှိနေပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲတိုင်းတွင် အကြိမ်များစွာ မြန်မာနိုင်ငံ၏ အလံကို တိုင်ထိပ်၌ လွှင့်ထူနိုင်အောင် မိမိတို့မြန်မာအားကစားအဖွဲ့အနေဖြင့် အားကစားဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်အောင် ရေကုန်ရေခမ်း အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အလှူငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချွန်ဘူရီနှင့် ဆုန်ခလာမြို့များတွင် လက်ခံကျင်းပသွားမည်ဖြစ်သည်ကို သိရှိ ရပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ စတင်သန္ဓေတည် ပေါ်ပေါက်လာစေရန် ကြိုးပမ်းခဲ့သည့် ဦးဆောင်နိုင်ငံပီပီ ပထမအကြိမ်ပြိုင်ပွဲမှ ယခုလာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ အကြိမ်တိုင်း မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အိမ်ရှင်နိုင်ငံအနေဖြင့်လည်း မိမိတို့ မြန်မာနိုင်ငံမှ ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲကို ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို နေပြည်တော်၌လည်းကောင်း လက်ခံ ကျင်းပခဲ့ပြီး နိုင်ငံတကာမှ ချီးမွမ်းဂုဏ်ပြုမှုများရရှိခဲ့သည်အထိ အောင်မြင်မှုအစဉ်အလာနှင့် ရွှေရောင် တောက်ပခဲ့သော သမိုင်းမှတ်တမ်းကောင်းများစွာကိုလည်း ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/ နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့ကြသည်ကို သိရှိခဲ့ရပါကြောင်း၊ ဘောလုံးပြိုင်ပွဲ၌ မိမိတို့အမျိုးသား၊ အမျိုးသမီးအသင်း နှစ်သင်းလုံးသည် အကြိုဗိုလ်လု ပွဲသို့ တက်ရောက်နိုင်ခဲ့သည်မှာ ပြည်သူတစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ပါကြောင်း၊ မြန်မာအမျိုးသမီး ဘောလုံးအသင်းမှာ အုပ်စုအဆင့်၌ ပြိုင်ဘက်အသင်းကောင်းများ ဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား စသည့်အသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အကြိုဗိုလ်လုပွဲ၌ အာဆီယံတွင် အင်အားကြီး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိအနိုင်ရရှိကာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းနိုင်ခဲ့သည့်အတွက် အားကစားဝါသနာရှင် မိဘပြည်သူများကို အတိုင်းအတာတစ်ခုအထိ ကျေနပ်မှုပေးစွမ်းနိုင်ခဲ့ပါကြောင်း၊ ယခု(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီ ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း အရေအတွက်ရော အားကစားသမား အရေအတွက်ပါ တိုးမြှင့်ပြီး အားကစားနည်း ၃၈ နည်းတွင် နိုင်ငံ့လက်ရွေးစင် အားကစားသမားများဖြင့် စည်းကားသိုက်မြိုက်စွာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ကိုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံဂုဏ်ဆောင် အားကစားမောင်မယ်များအနေဖြင့် တစ်ခေတ်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစား လူရည်ချွန်များကဲ့သို့ အရိုးကြေကြေ အရေခန်းခန်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အောင်စိတ် မွေးမြူကာ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် ကြိုးပမ်းမြှင့်တင်ဆောင်ရွက်ကြရာတွင် ယခုကဲ့သို့ တစ်ထောင့်တစ်နေရာက ပါဝင်အားဖြည့်ရန်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ရောင် ထွန်းပြောင်စေရန် နိုင်ငံ့ကိုယ်စားပြု အားကစား သမားများအနေဖြင့် အောင်နိုင်စိတ်၊ နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဓာတ်ဖြင့် အောင်ပွဲအလီလီ ဆွတ်ခူးနိုင်စေရေးအတွက် ဆက်လက်ကြိုးစားသွားရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံ ကိုယ်စားပြုအားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က အလှူငွေကျပ် သိန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




