![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်ကိုယ်ရည်ကိုယ်သွေးစကားဝိုင်း အခမ်းအနားကျင်းပ
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ လူငယ်နှင့်ကိုယ်ရည်ကိုယ်သွေးစကားဝိုင်း” အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လူငယ် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဥတ္တရသီရိ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ရွှေနံ့သာကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာ စကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်သည် အလွန်အရေးကြီးကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်/လူရွယ်များအား ကဏ္ဍပေါင်းစုံတွင် တိုးတက်မြင့်မားအောင် ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်များအနေဖြင့် စိတ်ဓာတ်ခွန်အား ကောင်းမွန်မှုရှိမှသာ ပညာရေးပိုင်းမှာသာမက လုပ်ငန်းပိုင်းများတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ခွန်အား ကောင်းမွန်သူသည် အနာဂတ်တွင် ယုံကြည်မှုရှိပြီး ပြဿနာ များနှင့် ကြုံတွေ့လာပါက ဉာဏ်ပညာဖြင့် ဖြေရှင်းနိုင်သူများဖြစ်ကြောင်း၊ နိုင်ငံ့အနာဂတ်အား ပုခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် လူငယ်/လူရွယ်များအနေဖြင့် စိတ်ဓာတ်ခွန်အားကောင်းသည့် လူငယ် များ ဖြစ်လာစေရန် စာအုပ်စာပေကောင်းများကို လေ့လာဖတ်ရှုမှတ်သားသွားရန် တိုက်တွန်းပြောကြား လိုကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးသည် လူငယ်/လူရွယ်များအား လူတော်၊ လူကောင်းများ ဖြစ်လာနိုင်စေပြီး ယဉ်ကျေးလိမ်မာသူများ၊ ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာရှိသူများ၊ အတွေးအခေါ်ကောင်း များနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူများ ဖြစ်လာနိုင်ပြီး အောင်မြင်သူများ ဖြစ်လာနိုင် မည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်ဝပြီး အသိဉာဏ်ပညာပြည့်စုံသည့် ကျောင်းသား/ကျောင်းသူများ သည် နိုင်ငံ၏အနာဂတ် အင်အားများပင်ဖြစ်သည့်အတွက် မိမိနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ မိမိပတ်ဝန်းကျင်ကို အကျိုးပြုပြီး လူမှုအသိုက်အဝန်း တွင် ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် ကျောင်းသား/ကျောင်းသူများ ဖြစ်အောင် ဆက်လက်ကြိုးစားသင်ယူသွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကိုယ်စားလှယ်(၄)ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီးနောက် အ.ထ.က(ခွဲ)ရွှေနံ့သာကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်အား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်း ခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကိုယ်စားလှယ်(၄)ဦးက “ လူငယ်နှင့် ကိုယ်ရည်ကိုယ်သွေး” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအစီအစဉ်အား ဆောင်ရွက်ခဲ့ပြီးနောက် ကျောင်းသား/ ကျောင်းသူများက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ ကိုယ်စားလှယ်(၄)ဦးက ဖြေကြားပေးခဲ့ပြီး မေးခွန်းမေးမြန်းသူများကို တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





