![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြိုင်ပွဲဝင်အသုံးအဆောင်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးစီးမှုအခြေအနေနှင့် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ နိုဝင်ဘာ ၁၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့၏ ပြိုင်ပွဲဝင်အသုံးအဆောင်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးစီးမှုအခြေအနေ နှင့် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချွန်ဘူရီနှင့် ဆုန်ခလာမြို့များတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့၏ ပင်မကွပ်ကဲ အုပ်ချုပ်မှုအဖွဲ့၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအတွက် ပြိုင်ပွဲဝင် အသုံးအဆောင်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး မြန်မာ့အားကစားအောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ အသုံးအဆောင်ပစ္စည်းများအား အသုံးပြုရာတွင် သက်တောင့်သက်သာဖြစ်စေရေး၊ အရည်အသွေး ကောင်းမွန်သည့်ပစ္စည်းများ ထောက်ပံ့ပေးနိုင်စေရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံ ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးအန္တရာယ် ခံနိုင်စေရေးတို့အတွက် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် နှင့် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားသည့် အုတ်ဘောင်နှင့်ပလက်ဖောင်း ဆေးသုတ်ခြင်းလုပ်ငန်း များနှင့် အားကစားရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေးအတွက် ထိန်းသိမ်းဆောင်ရွက် သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။




