![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မကျီးပင်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အ.ထ.က(မကျီးပင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ အ.ထ.က(မကျီးပင်) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အလွန်ပင်အရေးကြီးကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်/လူရွယ်များအား ကဏ္ဍပေါင်းစုံတွင် တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စိတ်ဓာတ်ခွန်အား ကောင်းမွန်မှုရှိမှသာ ပညာရေးပိုင်းမှာသာမက လုပ်ငန်းပိုင်း များတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ် ကြောင်း၊ စိတ်ဓာတ်ခွန်အား ကောင်းမွန်သူသည် အနာဂတ် တွင် ယုံကြည်မှုရှိပြီး ပြဿနာများနှင့် ကြုံတွေ့လာပါက ဉာဏ်ပညာဖြင့် ဖြေရှင်းနိုင်သူများဖြစ်ကြောင်း၊ နိုင်ငံ့အနာဂတ်အား ပုခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် လူငယ်/လူရွယ်များအနေဖြင့် စိတ်ဓာတ် ခွန်အားကောင်းသည့် လူငယ်များဖြစ်ရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုမှတ်သားရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးသည် လူငယ်/လူရွယ်များအား လူတော်၊ လူကောင်း များ ဖြစ်လာနိုင်စေပြီး ယဉ်ကျေးလိမ်မာသူများ၊ ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာရှိသူများ၊ အတွေးအခေါ် ကောင်းများနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူများ ဖြစ်လာနိုင်ပြီး အောင်မြင်သူများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်ဝပြီး အသိဉာဏ်ပညာပြည့်စုံသည့် ကျောင်းသား/ ကျောင်းသူ နိုင်ငံ၏အနာဂတ် အင်အားများပင်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်သွားရန်လိုကြောင်း၊ မိမိပတ်ဝန်းကျင်ကို အကျိုးပြုပြီး လူမှု အသိုက်အဝန်းတွင် အားကိုးအားထားပြုရသည့် ကျောင်းသား/ကျောင်းသူများ ဖြစ်အောင် ကြိုးစားသွား ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အ.ထ.က(မကျီးပင်) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရဲနန္ဒာစိုးနှင့် မကျီးပင်ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူး တို့အား အားကစားပစ္စည်းများနှင့် Outdoor Fitness များကို ပေးအပ်လှူဒါန်းခဲ့ပြီးနောက် အသိပညာပေး ဟောပြောပို့ချပေးမည့် စာရေးဆရာမ ခင်လေး(ပြည်ထောင်စုနယ်မြေ)အား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့သည်။
ထို့နောက် စာရေးဆရာမ ခင်လေးက “ လူငယ်နှင့်စိတ်ဓာတ်ခွန်အား” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီးနောက် နေပြည်တော် လူငယ်ရေးရာတာဝန်ခံက ကျောင်းသား/ကျောင်းသူများကို ဉာဏ်စမ်းပဟေဠိ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သူများကို အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




