![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း လွိုင်ကော်မြို့ရှိ ပြည်နယ်အားကစားကွင်းသို့ သွားရောက်၍ အားကစားဆိုင်ရာအဆောက်အအုံများကို ကြည့်ရှုစစ်ဆေး
နိုဝင်ဘာ ၁၂
ကယားပြည်နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ကယားပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်အဖွဲ့သည် ယမန်နေ့က လွိုင်ကော်မြို့ရှိ ပြည်နယ် အားကစားကွင်းသို့ သွားရောက်၍ အားကစားဆိုင်ရာအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အားကစားကွင်းအတွင်း ပြန်လည်ပြုပြင်တည်ဆောက် ဖွင့်လှစ်လျက်ရှိသော ပြည်နယ် GYM အားကစားခန်းမ၊ အမျိုးသားရေကူးကန်၊ ဖူဆယ်အားကစားရုံနှင့် ဝန်ထမ်းအိမ်ရာတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ် ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဒေါတမ(FC)အသင်းနှင့် မိုင်းလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးရာ ဒေါတမ(FC)အသင်းက မိုင်းလုံးအသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
အဆိုပါ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဘောလုံးအသင်း ၂၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများကို ဒီဇင်ဘာ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။




