![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေးနှင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းဒေသကြီးမှ ရွေးချယ်ခံရသည့် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအတွက် ရန်ကုန်တိုင်းဒေသကြီးမှ ထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်သည့်အခမ်းအနားကျင်းပ
ရန်ကုန်၊ နိုဝင်ဘာ ၁၀ရက်
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေးနှင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းဒေသကြီးမှ ရွေးချယ်ခံရသည့် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအတွက် ရန်ကုန်တိုင်းဒေသကြီးမှ ထောက်ပံ့ ချီးမြှင့်ငွေ ပေးအပ်သည့်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြာရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းမှ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ထောက်ပံ့ချီးမြှင့်ငွေကျပ် သိန်း(၁၀၀၀)တိတိကို ပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူခဲ့ပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးမှ ရွေးချယ်ခံရသည့် အုပ်ချုပ်သူ/နည်းပြ အားကစားသမားများအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် သိန်း(၁၃၆၅၀၀၀၀၀/-) တိတိကို ပေးအပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့မှ လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစားနည်းမှ မီတာ(၈၀၀)အပြေးနှင့် လှံတံပစ်အားကစားနည်းတို့၏ လက်ရည်စမ်း စံချိန်ဆန်းစစ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရွှေစံချိန်များထက် သာလွန်ကောင်းမွန်သည့် စံချိန်များ ရရှိခဲ့သည့် အားကစားသမားများအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများကို ထောက်ပံ့ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏရှိ တိုက်ကွမ်ဒိုအားကစားရုံတွင် တိုက်ကွမ်ဒိုအားကစားသမားများ၏(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားနည်း အမျိုးအစားအလိုက် Mix Team အသင်းလိုက်ကကွက်၊ အတိုက်ကကွက်၊ တစ်ဦးချင်းကကွက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ တိုက်ကွမ်ဒိုအားကစားနည်းဖြင့် အောင်မြင်မှုများရရှိအောင် ကြိုးစားသွားရန်လိုကြောင်း၊ နေထိုင်သွားလာစားသောက်မှုများကို ဂရုစိုက်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ထိချက်များ တိကျပြီး ရမှတ်များရရှိစေရန်အတွက် နည်းစနစ်၊ နည်းဗျူဟာများနှင့် ယှဉ်ပြိုင်နိုင်အောင် ယခုကတည်း က ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း၊ နည်းပြဆရာများ၏ သင်ကြားပြသမှုများအတိုင်း ကြိုးစား လေ့ကျင့်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုဝဏ္ဏ ဘောလုံးလေ့ကျင့်ရေးကွင်း(၁)တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ ကိုယ်စားပြု ISPE ဘောလုံး အသင်း၏ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်မီ လက်ရွေးစင် ဘောလုံးအသင်းများနှင့် ယှဉ်ပြိုင်၍ အတွေ့အကြုံများရရှိပြီး ခြေစွမ်းများမြှင့်တင်၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထိုက်သင့်သည့် အောင်မြင်မှုများ ရရှိစေရန်အတွက် သက်ဆိုင်ရာ အားကစား နည်းစနစ်များ၊ ကစားပုံ၊ ကစားကွက်များပြောင်းပြီး ခံစစ်စနစ်မှ တိုက်စစ်စနစ်အဖြစ် ပြောင်းလဲ ကစားနိုင်အောင်ကြိုးစားကြရန်လိုကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်းမြှင့်တက်စေရန်နှင့်နိုင်ငံတော်၏ဂုဏ်သိက္ခာကို ဘောလုံးအားကစားနည်းဖြင့် မြှင့်တင်နိုင်သူများဖြစ်ပြီး ထိုက်တန်သည့် အောင်မြင်မှုများရရှိစေရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။




