အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်း အားကစားနည်း(Hoop Takraw)နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်းအားကစားနည်း(Hoop Takraw) နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပိုက်ကျော်ခြင်းအားကစားနည်း(Hoop Takraw)နည်းပြသင်တန်းကို ပထမဦးဆုံးအကြိမ် စတင်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်း(Hoop Takraw)သည် ထိုင်းရိုးရာ အားကစားနည်းဖြစ်ပြီး အယုဒ္ဓယခေတ်တွင် စတင်ခဲ့ပြီး ထိုင်းရိုးရာစွဲအားကစားနည်းမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်း(Hoop Takraw)ကို ၁၉၅၀ ခုနှစ်တွင် ထိုင်းနိုင်ငံမှ လူကြိုက်များသည့် တရားဝင်အားကစာနည်းအဖြစ် ဦးတည်ယှဉ်ပြိုင်ကစားခဲ့သည်မှာ (၇၅)နှစ်မြောက် ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်စတင်၍ ထည့်သွင်းကျင်းပခဲ့သော ပထမဆုံးအကြိမ် Hoop Takraw ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အမျိုးသားပြိုင်ပွဲ၌ ကြေးတံဆိပ် ၁ ခုနှင့် အမျိုးသမီးပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ခု စုစုပေါင်း ဆုတံဆိပ် ၂ ခုတို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ Hoop Takraw အမျိုးသားအသင်းအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၃ ခု နှင့် မြန်မာအမျိုးသမီးအသင်းအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၂ ခု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီးအသင်းတို့မှ ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် Hoop Takraw အားကစားနည်းကို တပ်မတော် ကြည်း/ရေ/လေ ပြိုင်ပွဲများတွင် ၂၀၀၇ ခုနှစ်မှ စတင်၍ ထည့်သွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ Hoop Takraw ကွင်းသွင်းခြင်းခတ် အားကစားနည်းအနေဖြင့် အသက်အရွယ်မရွေး ခတ်ကစားနိုင်သော အားကစားနည်းဖြစ်ပြီး တပ်မတော် ကြည်း/ရေ/လေ ပြိုင်ပွဲများတွင်သာ ထည့်သွင်း ကျင်းပခဲ့သည့်အတွက် မျိုးဆက်သစ်များ ပေါ်ထွက်လာမှု နည်းပါးခဲ့ပြီး လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ယခုအားကစားနည်းကို ထည့်သွင်းကျင်းပမည်ဆိုပါက မျိုးဆက်သစ်များစွာ ရရှိပြီး အောင်မြင်မှု ရရှိရေးကို အဓိကရည်မှန်းထားသောကြောင့် ယခုဖွင့်လှစ်သည့် သင်တန်းတွင် တက်ရောက်ကြသော ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း များမှ နည်းပြများအနေဖြင့် နည်းဥပဒေသ၊ စည်းမျဉ်း/စည်းကမ်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာများကို စနစ်တကျ လေ့လာသင်ယူပြီး Hoop Takraw ကွင်းသွင်းခြင်းခတ် အားကစားသမားများကို ပြုစု ပျိုးထောင်လေ့ကျင့်သင်ကြားပေးသွားရန် တိုက်တွန်းမှာကြားလိုကြောင်း၊ သင်တန်သား/သင်တန်းသူ များအနေဖြင့် ပိုက်ကျော်ခြင်း(Hoop Takraw)အားကစားနည်းအတွက် အထူးအားကိုးရမည့် အနာဂတ် ၏ နည်းပြကောင်းများဖြစ်အောင် သင်ကြားပို့ချပေးမည့် စာတွေ့/လက်တွေ့သင်ခန်းစာများကို ဂရုတစိုက် လေ့လာသင်ယူမှတ်သားပြီး ပိုက်ကျော်ခြင်း(Hoop Takraw) အားကစားနည်းဖြင့် မြန်မာ့အားကစား လောကကို မြှင့်တင်ပေးနိုင်သည့် နည်းပြကောင်းများဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှအစွမ်းကုန် ကြိုးပမ်းအားထုတ်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။