အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် “မီးပုံးပျံ ပုံသဏ္ဍာန်အလှပဆုံးဆု” ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ရရှိ

နေပြည်တော်၊ နိုဝင်ဘာ ၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် အရာထမ်း၊ အမှုထမ်းများ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့သည်။

အဆိုပါ မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ “ ပြည့်ဂုဏ်ဆောင်” စိန်နားပန် မီးပုံးပျံဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ မီးပုံးပျံ၏ အရွယ်အစားမှာ အမြင့် ၃၀ ပေ၊ ခေါင်းအချင်း ၂၀ ပေ၊ နံတောင်အမြင့် ၁၈ ပေ၊ မီးစာ အမြင့် ၅ ပေ၊ အောက်ဆွဲကြိုး အရှည် ၇ ပေနှင့် အောက်ဆွဲအမြင့် ၁၂ ပေ ရှိပြီး မီးပုံးပျံ၏ ပတ်လည်ကို ဝါ၊ စိမ်း၊ နီ အရောင်သုံးရောင်ခြယ်၍ ရေးဆွဲထားပြီး တစ်ခြမ်းတွင် အိုလံပစ်ကွင်း(၅)ကွင်းနှင့် ကျန်တစ်ခြမ်းတွင် “ ပြည့်ဂုဏ်ဆောင်” ဟူသည့် စာတန်းတို့ကို LED မီးများဖြင့် ပုံဖော်အလှဆင်ထား၍ အောက်ဆွဲမီးများအပါအဝင် LED မီးသီး အလုံးပေါင်း(၁၀၀၀)ကျော်တို့ဖြင့် ပုံဖော်ချိတ်ဆွဲထားသည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ စုစုပေါင်း မီးပုံးပျံ(၅)လုံးတို့အားလည်းကာင်း၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ စုစုပေါင်း မီးပုံးပျံ(၇)လုံးတို့အားလည်းကာင်း၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့မှ စုစုပေါင်း မီးပုံးပျံ(၂)လုံးတို့အားလည်းကာင်း နေ့ရက်များအလိုက် အသီးသီး လွှတ်တင်ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စိန်နားပန် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဝန်ကြီးဌာန(၁၄)ခုတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လွှတ်တင်သည့် “ ပြည့်ဂုဏ်ဆောင်” စိန်းနားပန် မီးပုံးပျံသည် “ မီးပုံးပျံ ပုံသဏ္ဍာန်အလှပဆုံးဆု” ကို ရရှိခဲ့ကြောင်း သိရသည်။