အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင် စခန်းဝင်‌လ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ISPE အမျိုးသမီးဘောလုံးအသင်းအား တွေ့ဆုံအမှာစကားပြောကြား

ရန်ကုန်၊ နိုဝင်ဘာ ၂ရက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၌ စခန်းဝင်‌လေ့ကျင့်လျက်ရှိသည့် သေနတ်ပစ်နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သေနတ်ပစ် အားကစားကွင်းသို့သွားရောက်ပြီး စခန်းဝင်လေ့ကျင့်နေသည့် သေနတ်ပစ်အားကစား သမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြိုင်ပွဲသုံး လက်နက် ၊ ခဲယမ်းများကို ဝယ်ယူခွင့်ရရှိနိုင်စေရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအားတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက မိမိအ‌နေဖြင့် တာဝန်ရှိသူများနှင့်အတူ မြန်မာအားကစားအဖွဲ့အောင်မြင်မှု ရရှိစေရေးနှင့် နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်ပေးနိုင်ရန် အစွမ်းကုန်နည်းလမ်း ပေါင်းစုံဖြင့်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ်/ထောက်ပံ့မှုကိစ္စရပ်များတွင် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်၍ ပြိုင်ပွဲတွင်အဆင့်တန်းမီစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိအောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်း၌ လေ့ကျင့်လျက်ရှိသည့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့ သွားရောက်ပြီး မြားပစ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ နည်းစနစ်ပိုင်းမှန်ကန်ပြီး ရမှတ်များ တိကျမှုရှိစေရန်အတွက် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရှိ‌အောင် လေ့ကျင့်ရန်လိုကြောင်း ၊ ရမှတ်များပိုမိုကောင်းမွန်စေရန် ဖြတ်ထိုးဉာဏ်သုံးပြီး အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစားသွားရန်လို‌ကြောင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ကောင်းမွန်ပြီး ကျန်းမာရေးကောင်းမွန်အောင် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိပြီး ပြိုင်ဘက်အားကစားသမားကိုအနိုင်ရရှိအောင် ကြိုးစားသွားရန်နှင့် အုပ်ချုပ်သူ/ နည်းပြများ၏ သင်ကြားပြသလေ့ကျင့်ပေးမှုများကို လေးစားလိုက်နာပြီး မြားပစ် အားကစား နည်းဖြင့် နိုင်ငံတော်အတွက်ဆုတံဆိပ်များရရှိအောင် အစွမ်းကုန်ကြိုးစား အားထုတ်သွားရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားခဲ့သည်။

၂ ရက်နေ့ မွန်လွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုဝဏ္ဏအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ ကိုယ်စားပြု ISPE အမျိုးသမီးဘောလုံးအသင်း၏ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်းတိုးတက် မြင့်မားစေရန် ဘောလုံးအားကစားသည် အမျိုးသားအားကစားနည်းတစ်ရပ်ဖြစ်‌ပြီး များစွာအထောက်အကူပြုနေသည့်အတွက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၉ ရက်‌နေ့မှ ၁၅ ရက်နေ့အထိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)ဘောလုံးကွင်းတွင် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အာရှအမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲသို့ ဝင်ရာက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် အာရှအဆင့်၊ ကမ္ဘာ့အဆင့်မီလက်ရွေးစင်ဘောလုံးအသင်း များဖြင့် စုဖွဲ့ထားသည့် အသင်းကိုယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် မိမိကိုယ်ကိုဂုဏ်ယူမှုရှိစွာဖြင့် မြန်မာ့အားမာန်၊ အားကစားစိတ်ဓာတ်၊ အားကစားသမားကောင်းတစ်ယောက်၏စိတ်ထား ၊ အသင်းအဖွဲ့စိတ်ဓာတ်တို့ဖြင့် အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ပြီး မိမိအသင်း၏ဂုဏ်၊ ဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကစားသွားရန်လိုကြောင်း၊ အားကစားသမား တစ်ယောက် ပြုမူရမည့် ကျင့်ဝတ်များကို လိုက်နာ၍ မိမိအားကစားအသင်းကို ထိခိုက်စေနိုင်မည့် အားကစားနည်းစနစ်များကို မကစားမိစေရန်နှင့် ဒိုင်လူကြီးများကို စောဒဂမတက်ဘဲ မေတ္တာ တရားဖြင့် အခွင့်အ‌ရေးရရှိအောင် ကြိုးစားကစားသွားရန်လိုကြောင်း၊ နည်းပြဆရာ၏ သင်ကြား‌ ပေးမှုများ အတိုင်းလိုက်နာပြီး နည်းဗျူဟာ ၊ နည်းစနစ်များနှင့် ကစားကွက်များကို ပြောင်းပြီး ယှဉ်ပြိုင်ကစားနိုင်‌အောင် လေ့ကျင့်သွားရန်နှင့် ဘောလုံးကစားရာ၌ ကျွမ်းကျင် လိမ်မာပါးနပ်စွာ ကစားကြရန်လိုကြောင်း၊ မိမိ၏အင်အားကိုချွေတာပြီး လိုအပ်သည့်အချိန်၌ လိုအပ်သလို အသုံးပြုတတ်ရန်နှင့် ပြိုင်ပွဲတိုင်းတွင် ပြိုင်ဘက်အသင်းကိုအနိုင်ရရှိပြီး အောင်မြင်မှုများ ဆွတ်ခူးရရှိအောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားသွားရန်လိုကြောင်း မှာကြား ခဲ့ပြီး အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများက လိုအပ်ချက်များကိုတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအ‌ပေါ်လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။