![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်၊အောက်တိုဘာ ၃၀
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ကျင်းပခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်(၉)ဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဒုတိယ အကြိမ်အဖြစ် ဆက်လက်ကျင်းပရခြင်းဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ အားကစားသမားတစ်ဦးချင်းအပေါ် သုံးသပ်ဆွေးနွေးပေးသွားစေ လိုကြောင်း၊ မျှော်မှန်းဆုတံဆိပ်ရရှိနိုင်မှုအခြေအနေများနှင့် ဆုတံဆိပ်မျှော်မှန်းထားသည့် အားကစားသမားများ၏ အမည်စာရင်းနှင့် အားကစားနည်းများကို အနီးစပ်ဆုံး ထပ်မံဆွေးနွေးပေးစေလိုကြောင်း၊ ဆုတံဆိပ်မရရှိနိုင်သော အားကစားသမားများကို စိစစ်၍ အင်အားလျှော့ချပြီး ဆုတံဆိပ်ရရှိနိုင်သော အားကစားသမားများကို စေလွှတ်သွားစေလိုကြောင်း၊ ဆုတံဆိပ်မျှော်မှန်း အားကစားသမားများ၏ စံချိန်ရရှိမှုများကို နိုဝင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ပြုစုတင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများက (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိစေရေး တို့အတွက် ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ ၊ အားကစားအဖွဲ့များမှ ပြိုင်ပွဲတွင် ဆုတံဆိပ် မျှော်မှန်းသည့် Event များအား ရှင်းလင်းတင်ပြဆွေးနွေးခြင်းနှင့် ဆုတံဆိပ်ရရှိနိုင်မည့် အားကစား သမားများ၏ အမည်စာရင်းများအား တင်ပြဆွေးနွေးခဲ့ရာ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂ ) မှ ညွှန်ကြားရေးမှူးက အုပ်ချုပ်/ထောက်ပံ့မှု၊ နေထိုင်စားသောက်မှုများ၊ လေ့ကျင့်မှုကိစ္စရပ်များနှင့် ပတ်သက်ပြီး ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် လိုအပ် သည်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများထံ ဆက်လက်တင်ပြ၍ ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့ကြောင်းသိရသည်။


