
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို အားကစားသမားများအား နောက်ဆုံး ဇကာတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့ အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၂၈
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစား သမားများအား နောက်ဆုံးဇကာတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့ အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ကျင်းပခဲ့သည်။
ယနေ့ လက်ရည်ဆန်းစစ် ဂျူဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင် ခဲ့ကြပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး (-၅၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမ အိအိဝင်း(GC)၊ ဒုတိယ မေဇင်ဖြိုး(YC)၊ ပူးတွဲတတိယ နော်မြတ်နိုးရွှေစင်(YC)နှင့် ဆောင်ယုံ(YC)တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဦးခိုင်ကလည်းကောင်း၊ အမျိုးသမီး (-၅၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ပြည့်စုံအောင်(GC)၊ ဒုတိယ အိအိသဇင်ဇော် (GC) ၊ ပူးတွဲတတိယ နန်းဖြိုးသီရိဟန်(YC)နှင့် ပိုးအိလွင် (GC)တို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက လည်းကောင်း၊ အမျိုးသမီး (-၇၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ဆောင်းဦးဝေ(GC)၊ ဒုတိယ ထက်ထက်လင်း(YC)၊ တတိယ နန်းနုနုခေါင်(YC)နှင့် အမျိုးသား(-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ဖြိုးကျော်ကျော်(YC)၊ ဒုတိယ စောမြသံစဉ်(YC)၊ ပူးတွဲတတိယ အောင်ဆက်ပိုင်(YC)နှင့် အိဇက် (YC)တို့ကို အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ အမျိုးသား(-၇၃)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ လရောင်ရှန်(GC)၊ ဒုတိယ လှိုင်မင်းခန့်(GC)၊ ပူးတွဲတတိယ ထက်အောင်(GC)နှင့် ကျော်ဆွေ(YC)နှင့် အမျိုးသား(-၈၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမ သန့်ဇင်ဝင်းအောင်(GC)၊ ဒုတိယ ချစ်ကိုကို(GC)၊ တတိယ အောင်ပြည့်ဖြိုး(YC)တို့ကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း ကလည်းကောင်း၊ အမျိုးသမီး(+၇၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ အေးအေးအောင်(GC)၊ ဒုတိယ ဖြိုးရွှေစင်ကျော်(GC)၊ တတိယ နန်းသဲနုနုစံ(YC)နှင့် အမျိုးသား(-၉၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ကျော်ခန့်စိုး(GC)၊ ဒုတိယ ဇော်လင်းဖြိုး ပူးတွဲတတိယ စထက်ဝေဖြိုး(YC)နှင့် အောင်ပိုင်ခန့်(YC) တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးထံသို့ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့ အထိမ်းအမှတ် ဒီပလိုမာမှတ်တမ်းလွှာအား ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ မကြာမီ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲနီးကပ် လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာ မရရှိအောင် ဂရုစိုက်လေ့ကျင့်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။





