အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များဆက်လက်ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၂၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပဒုမ္မာအားကစားကွင်း၊ YTC လေ့ကျင့်ရေးကွင်း(၁) ရှိ (စက်ဘီးကွင်း)တို့၌ ဆက်လက်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင် ပရိတ်သတ်များ တခဲနက်လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ အဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီး အသင်း နှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်း က ဧရာဝတီတိုင်းဒေသကြီးအသင်းကို(၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ သင်္ဃန်းကျွန်း မြို့နယ် YTC လေ့ကျင့်ရေး ကွင်း(၁)ရှိ (စက်ဘီးကွင်း)တွင် မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင် ကစားရာ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို(၂)ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း အသီးသီး ဂိုးပြတ်အနိုင်ရရှိခဲ့ကြသည်။

အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင်ပြိုင်ပွဲ(၁)ရက်နားမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ် အဖြစ် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် တတိယလုပွဲ ပွဲစဉ်အဖြစ် မွန်းလွဲ (၃) နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း (၁)ရှိ (စက်ဘီးကွင်း)တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မွန်းလွဲ (၄) နာရီတွင် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။