အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် အားကစားနှင့်ကာယပညာသိပ္ပံ ISPE အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

ရန်ကုန်၊ အောက်တိုဘာ ၂၀

(၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ မြန်မာ ISPE အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အုပ်ချုပ်/ နည်းပြ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဂုဏ်ပြုသည့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ မြန်မာ ISPE လူငယ်အမျိုးသားဘောလုံးအသင်းသည် တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ဖိတ်ကြားလာမှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ချင်းယွမ်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၃)နိုင်ငံဖိတ်ခေါ် ချစ်ကြည်ရေးလူငယ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် တရုတ်(ဟူလန်း) အသင်း၊ တရုတ်(ကွေ့ကျိုး)အသင်း ၊ တရုတ်(လုံနိုင်)အသင်း၊ တရုတ်(အား/ပညာ)အသင်း၊ ဗီယက်နမ် (Hanoi Xide FC)အသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု အားကစားနှင့် ကာယပညာသိပ္ပံ မြန်မာ ISPE အမျိုးသားဘောလုံးအသင်းအပါအဝင် စုစုပေါင်းအသင်း (၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ ISPE အမျိုးသားဘောလုံးအသင်းက ပထမဆုဖလားကို ရရှိခဲ့သည့်အတွက် ယခုလို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများမှ သင်တန်းသားများကို ရွေးချယ်စေလွှတ် ယှဥ်ပြိုင်‌စေခြင်းဖြင့် သိပ္ပံကျောင်းများမှ သင်တန်းသား/ သင်တန်းသူများအနေဖြင့် အတုယူအားကျစိတ်များရှိလာပြီး ပိုမိုကြိုးစားချင်စိတ်များ ဖြစ်‌ပေါ်လာစေရေး၊ မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံကောင်းများ ရရှိလာစေရေး၊ နိုင်ငံတကာယဉ်ကျေးမှု ဓလေ့ထုံတမ်းများအား ရင်းနှီးဖလှယ် နိုင်စေရေးနှင့် ပြိုင်ပွဲဝင်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ရရှိနိုင်စေရေးတို့အတွက် ရည်ရွယ်ပြီး စေလွှတ်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ဦးကောင်းတစ်ယောက်ကောင်းစိတ်ဖြင့် တစ်ကိုယ်ကောင်းမဆန်ဘဲ အောင်မြင်မှုအခြေခံဖြစ်သည့် ‘စ’ ခုနှစ်လုံးဆောင်ပုဒ်နှင့်အညီ ကျင့်ကြံ နေထိုင်ပြီး မိမိနိုင်ငံ၊ မိမိဌာန ၊ မိမိအသင်းအပေါ် သစ္စာရှိရှိ တာဝန်သိသိဖြင့် ဇွဲ၊ စိတ်ဓာတ်ကို အရင်းခံပြီး မြန်မာနိုင်ငံမှ အားထားရသည့် လက်ရွေးစင် အားကစားသမားများဖြစ်လာအောင် ဆက်လက်ကြိုးစား သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး (၃)နိုင်ငံဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလား ရရှိခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ မြန်မာ ISPE အမျိုးသား ဘောလုံးအသင်းကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၂၀၀)၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ငွေကျပ်သိန်း(၁၀၀)နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌက ငွေကျပ်(၁၀)သိန်းတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် (၃)နိုင်ငံဖိတ်ခေါ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ မြန်မာ ISPE အမျိုးသား ဘောလုံးအသင်းကိုယ်စား အားကစားသမား ကျော်သီဟဇော်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ပထမဆုရရှိခဲ့သည့် ဆုဖလားအား ပြည်ထောင်စုဝန်ကြီးထံ ပြန်လည်အပ်နှံပေးခဲ့ပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ စားရိပ်သာ၌ အားကစားနှင့်ကာယပညာသိပ္ပံမှ သင်တန်းသား/သင်တန်းသူများ၏ နေ့လည်စာ စားသောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အာဟာရပြည့်ဝစေရေးအတွက် သန့်ရှင်းလတ်ဆတ်သည့် အသား၊ ငါးများကို ချက်ပြုတ်‌ကျွေးမွေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အားကစားအဖွဲ့များ စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြိုင်ပွဲရုံအတွင်းအပြင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ သစ်ပင်ပန်းပင်များ စနစ်တကျစိုက်ပျိုးစေရေးနှင့် အားကစားပြိုင်ပွဲရုံ ရေရှည်တည်တံ့ခိုင်မြဲစေရေး တို့အတွက် ပုံမှန်သန့်ရှင်းရေးများ ပြုလုပ်ပြီး ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် နဝရတ်အားကစားကွင်း အတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် အများပြည်သူများ လာရောက်လေ့ကျင့်နိုင်စေရေးတို့အတွက် အဆင့်မြင့်အားကစားရုံ တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးစေရေး၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ပြီးစီးနိုင်စေရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ဘောလုံးအားကစားကွင်းသို့ သွားရောက်၍ ကွင်းအတွင်း မြက်ခင်းများစိမ်းလန်း စိုပြေစေရေးအတွက် မြက်ဖြတ်ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်သို့ သွားရောက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ယူဆောင်သွားမည့် ပြိုင်ပွဲဝင် လှေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားသမားများ၏ အားကစားနည်းအမျိုးအစား အလိုက် လေ့ကျင့်နေမှုများ ကြည့်ရှုအားပေးခဲ့ပြီး အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ ကြောင်း သိရသည်။