အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၂၉

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ နှစ် ၇၀၀ ပြည့် အားကစားကွင်းနှင့် ပိုးတန်း အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ နှစ် ၇၀၀ ပြည့် အားကစားကွင်းသို့ရောက်ရှိ၍ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းအတွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ပုံမှန်မြက်ဖြတ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျောပိုးမြက်ဖြတ်စက်နှင့် လက်တွန်းမြက်ဖြတ်စက်များ ရရှိရေးအတွက် တင်ပြဆောင်ရွက်သွားရန်၊ ဘောလုံးကွင်းအတွင်းရှိ မြေနိမ့်သည့်နေရာများအား မြေဖို့၊ မြေညှိခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဘောလုံးကွင်းပတ်လည်ရှိ ရေနှုတ်မြောင်းအဖုံးများနှင့် ဂိုးတိုင်များ အား ဆေးသုတ်သွားရန်၊ ဂိုးပိုက်များအား စနစ်တကျတပ်ဆင်သွားရန်နှင့် အားကစားကွင်းအတွင်း ရေကူးကန်တည်ဆောက်မည့် မြေနေရာအား Layout Plan မြေပုံနေရာများဖြင့် ရေးဆွဲတင်ပြသွားရန်၊ အားကစားရုံအတွင်း ခိုငှက်များမဝင်ရောက်နိုင်စေရေးအတွက် ဝင်ရောက်နိုင်သည့်နေရာများအား သံဇကာ များဖြင့် စနစ်တကျကာရံသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ ပိုးတန်းအားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံစေရေး၊ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိ စေရေးတို့အတွက် ယခုထက်ပို၍ သန့်ရှင်းရေးများကို ပုံမှန်ပြုလုပ်ပြီး ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် ကျောပိုးမြက်ဖြတ်စက်နှင့် လက်တွန်းမြက်ဖြတ်စက်များရရှိရေးအတွက် တင်ပြဆောင်ရွက် သွားရန်၊ မြဧရာတင်းနစ်ကွင်း မြေပြင်အက်ကြောင်းများအား ပြန်လည်ပြုပြင်ခြင်းနှင့် ကွင်းဆေး သုတ်ခြင်းများ ပြန်လည်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့နယ် အသင်္ခယာရိပ်သာ၌ စစ်ကိုင်းတိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်၊ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင် ရမည့်တာဝန် (၃)ရပ်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)တို့ကို လေးစားလိုက်နာကြရန်လိုကြောင်း၊ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းစိတ်မမွေးဘဲ မိမိဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းအချင်းချင်း မိသားစု စိတ်ဓာတ်ထားရှိပြီး စည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့၏ ပညာဝမ်းစာများပြည့်ဝအောင် အမြဲတမ်းလေ့လာဆည်းပူး မှတ်သားသွားရန်လိုကြောင်း မှာကြားခဲ့ ပြီးနောက် ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။