မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ ၁၈
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဂျူဒိုအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်အဖွဲ့အား ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဂျူဒိုအားကစားနည်းဖြင့် နိုင်ငံတော်အတွက် အောင်မြင်မှု ဆုတံဆိပ်များရယူပေးနိုင်ခဲ့ပြီး ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားအောင် ကြိုးပမ်း ဆောင်ရွက်ပေးခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ Bangkok၊ Chonburi နှင့် Songkhla မြို့များတွင် အားကစားနည်း(၅၃)နည်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၄၀)နည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရန်ကုန်နှင့် နေပြည်တော်တို့တွင် စခန်းသွင်း လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိ သူများက အသေးစိတ် ဆွေးနွေးတင်ပြပေးရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူ များက မြန်မာနိုင်ငံဂျူဒိုအားကစားအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ယခင်ထက် အောင်မြင်မှုများ ရရှိစေရန်အတွက် ဂျူဒိုအားကစားလေ့ကျင့်ရေးရုံ၊ အထောက်အကူပြုလေ့ကျင့်ရေးပစ္စည်းများ၊ ထောက်ပံ့ကူညီပံ့ပိုးမှုများစွာ လိုအပ်ပါကြောင်းနှင့် အောင်မြင်မှုဆုတံဆိပ်များရရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အသီးသီး ဆွေးနွေးတင်ပြ ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


