ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ရေကူးကန်နှင့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း ပျက်စီးနေမှုတို့အား ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၂၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ရေကူးကန် အတွင်းရှိ အပြင်ဘက် လေ့ကျင့်ရေးရေကူးကန်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပတ်လည်နှင့် အထူးတန်းပွဲကြည့်စင် ပျက်စီးနေမှုတို့အား ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ အကြောလျော့၍ ကိုယ်ခန္ဓာအညောင်းအညာပြေအောင် ရေကူးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန်အတွက် ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ လေ့ကျင့်ရေးကန် အတွင်း/အပြင် အုတ်နံရံပျက်စီးနေမှုများအား ခွဲထွင်ဖာထေးခြင်းလုပ်ငန်း ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရေသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တာဝန် ယူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူများကို ရေကူးကန်သို့ သွယ်တန်းထားသည့် ရေလိုင်း၊ မီးလိုင်းများကောင်းမွန်စေရေး ပုံမှန်စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြိုင်ပွဲကန် အတွင်း/အပြင် နံရံပျက်စီးမှုများအား ပြန်လည်ခွဲထွင်ဖာထေးပြုပြင်ပြီးစီးမှုအခြေအနေများ၊ ဒိုင်ဗင်ကန်နှင့် ပြိုင်ပွဲကန်များ အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များ ချိတ်ဆက်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အုတ်ရိုးပြို၍ ဖြိုဖျက်ပြီး အသစ်ပြန်စီ/ပြန်ချောရန်နှင့် နံရံ Plaster အက်၍ အသစ်ပြန်ချောမည့် လုပ်ငန်းများဖြစ်သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၏ -2.8 Level ၊ မြေညီထပ်၊ ပထမထပ်နှင့် အထူးတန်း ပွဲကြည့်စင်များ၏ Column တိုင်နှင့် Ground Beam & Tie Beam ပျက်စီးခဲ့မှုများအား ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ယာယီထောက်မမှုလုပ်ငန်း(temporary supporting work)များ ဆောင်ရွက်နေမှုများ၊ Wall ၊ Column ၊ Beam များအား Plaster ခွာခြင်း၊ အုတ်နံရံဖြိုဖျက်ခြင်းနှင့် မျက်နှာကြက်များအား ဖျက်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ မှန်အကာနံရံများ၊ ပြတင်းတံခါးများ၊ Light Partition များနှင့် Tempered Glass Curtain Wall များ ဖြုတ်သိမ်းခြင်းလုပ်ငန်း၊ ကြမ်းခင်း Topping နှင့် ကြွေပြားများခွာထုတ်ခြင်းလုပ်ငန်းစသည့် တည်ဆောက်ရေးလုပ်ငန်းခွဲ စုစုပေါင်း ၂၂ ခု၏ ၃၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးအား ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အဦများအား ရေရှည်တည်တံ့စေရန်၊ သဘာဝဘေးအန္တရာယ်ဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်စေရန်အတွက် စစ်ဆေးရေးအဖွဲ့များ၏ သတ်မှတ်စံချိန်/စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီ၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး စေရေးတို့အတွက် ကျွမ်းကျင်သူများကိုယ်တိုင် စိစစ်ကြပ်မတ်၍ စစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။




