အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား ဆန်ကာတင်ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၁

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ အားကစားအဖွဲ့များ စိတ်အ‌ပြောင်းအလဲဖြစ်‌စေရန်နှင့် စိတ်ကြည်လင်အပန်း‌ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား ကာရာအိုကေသီချင်းဆိုပြိုင်ပွဲအတွက် အပြီးသတ် လူရွေးချယ်ခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်၍ ဆန်ကာတင်ရွေးချယ်ထားသူများအား ထပ်မံအကဲဖြတ်ရွေးချယ်ခြင်း ကာရာအိုကေသီချင်းဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းနှင့် ည‌နေပိုင်းတို့တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall)နှင့် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမတို့၌ ကျင်းပခဲ့ရာ ဆန်ကာတင်ရွေးချယ်ခံရသည့် အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများက ပျော်ပျော်ပါးပါးဖြင့် အသီးသီး သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။

နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် စခန်းဝင်အားကစားအဖွဲ့များ၏ ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အကဲဖြတ်ဒိုင်လူကြီးများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကာရာအိုကေသီချင်းဆိုပြိုင်ပွဲအတွက် နောက်ဆုံးလူရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင်နှစ်လုံးပေါက် ကြိုးစားလေ့ကျင့်လျက်ရှိသည့် စခန်းဝင်အားကစားအဖွဲ့များ စိတ်ပျော်ရွှင်ပြီး ခဏတာ ဘဝအမောများ ပြေပျောက်၍ စိတ်သစ်လူသစ်၊ အားအင်အသစ်များဖြင့် အားကစားနည်းအလိုက် လေ့ကျင့်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်လေ့ကျင့်နိုင်ရန်အတွက် ယခုလို ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ ပျော်ပွဲရွှင်ပွဲအခမ်းအနားအား ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။