မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်၊ စက်တင်ဘာလ ၁၄ ရက်
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး အတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁၃: ၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူးများ ၊ အားကစား နှင့် ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံ သေနတ်ပစ် ၊ စစ်တုရင် ၊ ဘိုးလင်း၊ ဘတ်စကက်ဘော ၊ ခရစ်ကက် ၊ ကျွမ်းဘား ၊စက်ဘီး ၊ ဂျူဂျစ်ဆု ၊ ဘောလုံး ၊ လှေလှော် ၊ ရွက်လှေ ၊ မြားပစ် ၊ ဘိလိယက်နှင့် စနူကာ ၊ ဟော်ကီ ၊ အလေးမ ၊ ကြက်တောင် ၊ ဂျူဒို ၊ ကရာတေး ၊ Kickboxing ၊ မွေ ၊ Kabaddi ၊ Tug of War ၊ စကိတ် ၊ E Sports ၊ ခြင်းလုံး ၊ ဂေါက်သီး ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော ၊ ဝူရှူး ၊ တိုက်ကွမ်ဒို ၊ လက်ဝှေ့ ၊ Teqball အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ ၊ ဒုတိယ ဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြပါ သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်မည့် အုပ်ချုပ်/ နည်းပြ ၊ ကစားသမားများ၏ အင်အားစာရင်းအား အတိအကျပေးစေလိုကြောင်း၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် စတင်ထွက်ခွာမည့် နေ့ရက် ၊ အချိန် နှင့် တည်းခိုနေထိုင်မည့် နေရာတို့အား အသေးစိတ်အတိအကျပေးစေလိုကြောင်း ၊ Joint Training သွားရောက် ယှဉ်ပြိုင်သည့် အားကစားအဖွဲ့များအနေဖြင့် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ရေး အတွက် အချိန်မီပြန်လည်ရောက်ရှိရန် လိုအပ်ကြောင်း ၊ သွားရောက်မည့် အင်အားစာရင်း အတိုး/ အလျော့များကို ယနေ့အပြီးသတ်ပေးပို့သွားရမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော အားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ ၊ ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးများ နှင့် တွဲဖက်အတွင်းရေးမှူးများက မိမိတို့ အားကစားနည်းများ အလိုက် သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်/ နည်းပြ ၊ ကစားသမားများ၏ အင်အားစာရင်းများ ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားနည်းများ ၊ ပြိုင်ပွဲကျင်းပမည့်နေ့ရက်များ၊ တည်းခိုနေထိုင်ရေး ကိစ္စရပ်များ၊ Joint Training သွားရောက်မည့်ကိစ္စရပ်များ ၊ နိုင်ငံခြားနည်းပြငှားရမ်းလေ့ကျင့်နေမှုများ၊ သွားရောက်မည့် ပုဂ္ဂိုလ်များအလိုက် ရရှိမည့်ကတ်အမျိုးအစားများ ၊ အင်အားစာရင်း အတိုး/ အလျော့ ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့မှ ဖြည့်စွက်ဆွေးနွေး ပြီးနောက် ဒုတိယဝန်ကြီးကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။




