ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ အားကစားရုံများကြည့်ရှုစစ်ဆေးပြီး ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ရန်ကုန် ၊ စက်တင်ဘာလ (၁၃)ရက်
AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀ : ၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းရှိအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီတွဲဖက်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အလှူရှင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ၊ နည်းပြများ နှင့် အားကစားသမား များတက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဂုဏ်ပြုတဲ့ ISPE FC ဘောလုံးအသင်းဟာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုဖြစ်သလို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့သည့် AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary Stage ) ပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းများကို ရှုံးပွဲမရှိ အနိုင်ရယူနိုင်ခဲ့ကာ အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့လို့ ယခုလို အခမ်းအနားနှင့် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ပါကြောင်း၊ ISPE FC အသင်းအနေဖြင့် AFC WOMEN’S CHAMPIONS LEAGUE 2025/2026 ပြိုင်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ကျင်းပပြုလုပ်မည့် ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင် ရန်အတွက် စိတ်ဓာတ်ကို အဓိကကောင်းမွန်အောင်ထားပြီးကြိုးစားသွားစေလိုကြောင်း၊ ယခုပြိုင်ပွဲ များမှ အောင်မြင်မှုများရရှိခဲ့သလိုလာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုဆွတ်ခူးရယူနိုင်မယ်လို့ ယုံကြည်မိ ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၁၀၀)ကို AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းအတွက် ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များမှ လှူဒါန်းသောဂုဏ်ပြုချီးမြှင့်ငွေများကိုပြည်ထောင်စုဝန်ကြီး၊ဝန်ကြီးချုပ်၊ဒုတိယဝန်ကြီး၊ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပြန်လည်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က စေတနာရှင်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှ ပေးအပ်လှူဒါန်းခဲ့သည့် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ငွေကျပ်သိန်း(၁၇၁၅)တိတိကို AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းသို့ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများ ကလက်ခံရယူခဲ့ပါသည်။
ထို့နောက် ISPE WFC အားကစားသမားများကိုယ်စားအသင်းခေါင်းဆောင် ခင်မာလာထွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။






ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဗဟန်းမြို့နယ်ရှိကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံသို့ရောက်ရှိရာ မြန်မာဘတ်စကက်ဘော အားကစားဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘတ်စကက်ဘောအားကစားရုံအား လာမည့် ၂၀၂၆-၂၀၂၇ ဘတ်ဂျက်တွင် ပြုပြင်နိုင်ရန် ကြမ်းခင်း၊ အမိုး၊ အကာ များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်တာမွေမြို့နယ်၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားရုံသို့ ရောက်ရှိပြီး ယခုနှစ် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်နေသော ပိုက်ကျော်ခြင်းအားကစားရုံအတွင်းရှိ ကြမ်းခင်းများ ပြုပြင်နေမှုကိုလည်းကောင်း၊ ဘော်လီဘောအားကစားရုံရှိ အမိုးများ ပြုပြင်ပြီးစီးမှု အခြေအနေ တို့အား ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။



ထိုမှတဆင့်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်မှုအဆင့်အတန်းမြင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး တင်းနစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ၊ တင်းနစ်အားကစားမောင်/မယ်များအနေဖြင့်လျင်မြန်မှု၊တိကျသေချာမှု၊သက်လုံကောင်းမှု၊ ခံနိုင်ရည် ရှိမှုနဲ့ လေ့ကျင့်သားပြည့်ဝမှု ရရှိလာအောင်ကြိုးပမ်းအားထုတ်ပြီး မိမိတို့ရဲ့ တစ်ဦးချင်းအနေနဲ့ ဖြစ်စေ၊ မိမိတို့ကိုယ်စားပြုတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသင်းအောင်မြင်မှုရရှိစေရေးအတွက် ဖြစ်စေ၊ အားကစားစိတ်ဓာတ်အပြည့်အဝနဲ့ ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးစားအားထုတ်ယှဉ်ပြိုင်သွားကြရန် ဒိုင်လူကြီးများကလည်း တရားမျှတမှန်ကန်စွာဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးကြရန် ၊ ယခုပြိုင်ပွဲမှ တဆင့် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်လာအောင်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုပြီး နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တို့က အ.ထ.က (၃)မင်္ဂလာတောင်ညွန့် မှ ဘင်ခရာနှင့်ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်( ၅ )သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ယနေ့ယှဉ်ပြိုင်သည့် ပွဲစဉ်များကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။




