အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင်အားကစားသမားများအား ဆေးပညာအသိပညာပေးဟောပြောမှုများနှင့် အားကစားသမားများ၏ စိတ်အခြေအနေများကို စစ်ဆေးပေးနိုင်ရေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၀

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်အားကစားသမားများအား ဆေးပညာအသိပညာပေးဟောပြောမှုများနှင့် အားကစားသမားများ၏ စိတ်အခြေအနေများကို စစ်ဆေးပေးနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီခွဲအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန၊ တောင်ကြီးတက္ကသိုလ် တွဲဖက်ပါမောက္ခ(ငြိမ်း)၊ အားကစားစိတ်ပညာရှင် ဦးပြည်စိုးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်နေသည့် ဂျူဒို၊ ပီတန်း၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့အားကစားနည်းများမှ ပဏာမ လက်ရွေးစင်အားကစားသမားအား အားကစားစိတ်ပညာဆိုင်ရာ ဆွေးနွေးမှုများကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီးနောက် အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမင်းဦးက အားကစားဒဏ်ရာ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ အာဟာရဓာတ်နှင့် အားကစားစွမ်းဆောင်ရည် ခေါင်းစဉ်ဖြင့် အားကစားသမားများအတွက် ဆေးပညာ အသိပညာ ဟောပြောမှုများကို ဆက်လက်ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အုပ်ချုပ်သူများ၊ နည်းပြများ၊ အဖွဲ့ချုပ် အမှုဆောင်များ၊ အားကစားသမားများနှင့် အားကစားသမားများအား အထောက်အပံ့ပေးနေသည့် ပုဂ္ဂိုလ်များ စုစုပေါင်း(၈၈)ဦး တက်ရောက်ခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့၍ ဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။