အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်များအလိုက် ပညာသင်ကြားပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၉

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ကျောင်းသား/ ကျောင်းသူများအား ဘာသာရပ်များအလိုက် ပညာသင်ကြားပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ နှစ်ထပ် စာသင်ကျောင်းဆောင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်း ကျောင်းမှ ဆရာ/ဆရာမများက Grade- 11 ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်များအလိုက် စာသင်ကြားပေးနေမှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် Grade-12 ကျောင်းသား/ကျောင်းသူများအား စာမေးပွဲဖြေဆိုမည့် လျှောက်လွှာဖောင်တွင် မိမိအမည်နှင့် ခုံနံပါတ်များအား စနစ်တကျမှန်ကန်စွာ ရေးသားဖြည့်စွက်နိုင် ရန်အတွက် ဆရာ/ဆရာမများ၏ သင်ကြားပြသပေးနေမှုများကို လိုက်လံကြည့်ရှုခဲ့ပြီး ပညာသင်ကြားမှု အပိုင်းနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက ကျောင်းအုပ်ကြီးမှတဆင့် အချိန်နှင့်တစ်ပြေးညီ တင်ပြ ပေးသွားရန်လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသား/အမျိုးသမီး နှစ်ထပ်အိပ်ဆောင် အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အိပ်ဆောင်အတွင်း သင်တန်းသား/သင်တန်းသူများ၏ စည်းကမ်းတကျ အိပ်ယာခင်းများနှင့် ကစ်ခေါက်ထားရှိမှုအခြေအနေများ၊ အိပ်ဆောင်အတွင်း ပစ္စည်းများကို သပ်သပ်ရပ်ရပ် ဖြင့် စနစ်တကျထားရှိသွားရန်၊ သန့်ရှင်းရေးများ ပုံမှန်ပြုလုပ်ထားရှိရန်နှင့် သောက်ရေ/သုံးရေများ ပြတ်လပ်မှုမရှိစေရန်အတွက် ဂရုတစိုက် တာဝန်ပေးဆောင်ရွက်သွားရန်လိုကြောင်း၊ အိပ်ယာခင်း ခင်းကျင်းဆောင်ရွက်ထားရှိမှုနှင့် ကစ်ခေါက်ရာတွင် လှပသေသပ်မှုရှိပြီး စနစ်တကျ သပ်သပ်ရပ်ရပ် ခင်းကျင်းခေါက်ထားသူအား အကောင်းဆုံးဆု ချီးမြှင့်ပေးနိုင်ရန်အတွက် တာဝန်ကျအဆောင်မှူးများက စနစ်တကျ စိစစ်ရွေးချယ်တင်ပြပေးသွားရန်လိုကြောင်း၊ လျှပ်စစ်မီးနှင့် ရေများကို စနစ်တကျ ချွေတာ သုံးစွဲသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘောလုံးအားကစားကွင်း၊ ဂျူဒိုအားကစား ခန်းမနှင့် တိုက်ကွမ်ဒိုအားကစားခန်းမတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြက်ဖြတ်ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားရန်နှင့် လေကျင့်ရာတွင် အသုံးပြုလျက်ရှိသည့် မြက်ဖျာအခင်းပြားများအား ပျက်စီးမှုနည်းအောင် ဂရုစိုက်ထိန်းသိမ်း သွားကြရန်လိုကြောင်း၊ အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ မျိုးဆက်သစ်အားကစားသမား ရရှိစေရေးအတွက် လေ့ကျင့်မှုများကို အရှိန်အဟုန် မပြတ် ဆက်လက်လေ့ကျင့်သင်ကြားပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၏ ပင်မ နှစ်ထပ်ဆောင်ရှိ ရုံးခန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားရှိသည့် ဆေးပေးခန်း စက်ပစ္စည်းအခြေအနေများနှင့် ဆေးကုသရာတွင် ဆရာဝန်နှင့် သူနာပြုအင်အား လုံလောက်စွာထားရှိပေးနိုင်ရေးအတွက် တင်ပြဆောင်ရွက်သွားရန်နှင့် 50kW Solar Hybrid System တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အား အချိန်မီတပ်ဆင်ပြီးစီးပြီး အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် မှာကြားခဲ့ပြီးနောက် စားရိပ်သာသို့ သွားရောက်၍ ဟင်းသီးဟင်းရွက်သိုလှောင် ထိန်းသိမ်းထားရှိမှုနှင့် နေ့လည်စာအတွက် ချက်ပြုတ် ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား/သင်တန်သူများ စားသောက်မှုများ အဆင်ပြေစေရေးအတွက် သန့်ရှင်းလတ်ဆတ်သည့် အသားငါးများနှင့် အသီးအရွက်များကို ချက်ပြုတ် ကျွေးမွေးသွားရန်နှင့် သောက်သုံး‌ရန်အတွက် ရေသန့်စက်တပ်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေသန့်စက် Filter များအား အသစ်ပြန်လည် လဲလှယ်တပ်ဆင်နိုင်ရေးအတွက် တင်ပြဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်း ခရိုင်အားကစားကွင်းသို့ ဆက်လက်ထွက်ခွာခဲ့ပြီး အားကစားကွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် ပုံမှန်မြက်ဖြတ်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိရန်၊ ဂိုးတိုင်၊ ကော်နာတိုင်များ စနစ်တကျတပ်ဆင်ထားရှိပြီး ထုံးများသုတ်သွားရန်၊ အားကစားရုံအတွင်း ခိုဌက်များမဝင်ရောက် နိုင်အောင် စနစ်တကျကာရံသွားရန်၊ ရေလုံလောက်မှု ရှိစေရေးအတွက် ရေစင်တည်ဆောက်ထားရှိမှုနှင့် ရေလိုင်း/မီးလိုင်းများ တပ်ဆင်သွယ်တန်းထားရှိမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တပ်ကုန်းမြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိသည့် တပ်ကုန်းမြို့နယ် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စံပြအလယ်တန်းကျောင်းခွဲအသင်းနှင့် MRTV အထက်တန်း‌ကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။