မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် ကလောခရိုင်အတွင်းရှိ ညောင်ရွှေမြို့နယ် အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၈
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလောခရိုင်အတွင်းရှိ ညောင်ရွှေမြို့နယ်အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ် အားကစားကွင်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်း သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် သန့်ရှင်းရေးများ ဆောင်ရွက်ထားရှိရန်နှင့် မြက်ခင်းများ စိမ်းလန်းစိုပြေစေရေးအတွက် မြက်ဖြတ်ခြင်းလုပ်ငန်းအား ဂရုတစိုက် ပုံမှန်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေလုံလောက်မှုရှိစေရေး၊ ဂိုးတိုင်များ၊ ကော်နာတိုင် များနှင့် လိုအပ်သည့်နေရာများအား ထုံးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပြည်နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့၏ အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုအား တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ ဒုတိယပိုင်းကစားပြီးသည် အထိ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့သည့်အတွက် နှစ်ဖက်စလုံး ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ပင်နတီဆက်လက်ကစားခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်း သိရသည်။




