ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ အားကစားကွင်း/အားကစားရုံများနှင့် Outdoor Fitness များ တပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၇
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ အားကစားကွင်း/အားကစားရုံများနှင့် Outdoor Fitness များ တပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာခရိုင် အားကစားကွင်းသို့ သွားရောက်ပြီး သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာခရိုင် ဘောလုံးအားကစားကွင်း အဆင့်မီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နေမှု အခြေအနေများ၊ အားကစားကွင်းပတ်လည် ရေဆင်းမြောင်းများအား Link လောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ရေစိမ့်မြောင်း၊ ရေစိမ့်လွှာ၊ ရေနှုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများ၊ ရေစိမ့်မြောင်းအတွင်းသို့ ကျောက်များ ဖြည့်ထည့်ခြင်းလုပ်ငန်းများနှင့် မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကုမ္ပဏီမှတာဝန်ရှိသူများအား Work Schedule အတိုင်း အချိန်မီပြီးစီးစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီစေရေးတို့အတွက် တာဝန်ရှိသူများက စနစ်တကျ စိစစ်ကြပ်မတ်၍ စစ်ဆေးဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာကန်ဘောင်ရှိ ကရဝိတ်ကန်ဘောင် တံတားထိပ်၊ ရပ်တော်မူဘုရားရှေ့၊ မိတ္ထီလာကန် View Point နှင့် ဝန်ဇင်းကန်ဘောင် မြောက်ဘက်ထိပ် တို့တွင် အများပြည်သူ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လာရောက်လေ့ကျင့်ကစားနိုင်စေရေး အတွက် Outdoor Fitness များ တပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် တောင်ကြီးခရိုင်ရှိ ကလောမြို့နယ် သို့ ဆက်လက်ထွက်ခွာခဲ့ပြီး မြို့နယ်အားကစားကွင်း၌ အသက်( ၁၇) နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်နယ်အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် လိုအပ်သည်များကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ရွှေညောင်မြို့နယ်ရှိ မြို့နယ်အားကစားကွင်း၌ နှစ်ထပ်ပွဲကြည့်စင်နှင့် ဘောလုံးကွင်းအား အဆင့်မြှင့်တင်ရန်အတွက် သဲခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။







