ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၆
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်ခရိုင်အားကစားကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်း မြက်ခင်းများ စိမ်းလန်းစိုပြေ စေရေးအတွက် ပုံမှန်မြက်ဖြတ်ခြင်း လုပ်ငန်းများဆောင်ရွက်သွားရန်လိုကြောင်း၊ ဂိုးတိုင်များ၊ ကော်နာတိုင်များနှင့် လိုအပ်သည့်နေရာများတွင် ထုံး၊ ဆေးဖြူများ စနစ်တကျသုတ်ထားရန်လိုကြောင်း တာဝန်ရှိသူများကို မှာကြားခဲ့ပြီး နောက် တင်းနစ်ကွင်းသို့ သွားရောက်၍ တင်းနစ်အားကစားသမားများ ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားရုံတွင် မျိုးဆက်သစ် တိုက်ကွမ်ဒို အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် အားကစားကွင်းသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ခုနှစ် ကိုယ်ပိုင်ကျောင်းများ၏ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ မူလတန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ယှဥ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် နောင်ချိုအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံနှင့် နှစ်ထပ်ပွဲကြည့်စင်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းပတ်လည် သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် မြို့နယ်အားကစားတာဝန်ခံအား ကျောပိုးမြက်ဖြတ်စက်နှင့် လက်တွန်းမြက်ဖြတ်စက်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ရေသုံးစွဲမှုအဆင်ပြေစေရေး၊ ရေလုံလောက်စွာရရှိစေရေးတို့အတွက် ရေလိုင်း၊ မီးလိုင်းများသွယ်တန်းထားရှိမှု၊ ရေစင်တည်ဆောက်ထားရှိမှုနှင့် ဘောလုံးကွင်းမြက်ဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။





