(၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်၊ ရွှေ၊ ငွေ၊ ကြေး ဆုများနှင့် အကောင်းဆုံးဆုများ ဆွတ်ခူးရရှိ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၂၅ ရက်အထိထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်သည့် (၁၉) ကြိမ်မြောက်နှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်လျက်အုပ်ချုပ်သူ ၁ ဦး၊ နည်းပြ ၃ ဦး၊ ဒိုင်လူကြီး ၂ ဦးနှင့် အားကစားသမား ၂၀ ဦး စုစုပေါင်း အားကစားအဖွဲ့ဝင် ၂၆ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။
ဩဂုတ်လ ၂၂ ရက်မှ ၂၅ ရက်နေ့အထိကျင်းပမည့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ အာရှ နိုင်ငံပေါင်း(၂၈)နိုင်ငံမှ ပြိုင်ပွဲဝင်အားကစားသမား(၃၇၀)ဦး ယှဉ်ပြိုင်ကြပြီး၂၂-၈-၂၀၂၅ ရက်နေ့တွင်မောင်မောင်မြင့်က (၄၀-၄၉)ကီလိုတန်း အမျိုးသားကာယဗလပြိုင်ပွဲ၌ ငွေတံဆိပ်ဆုနှင့် (၇၀)ကီလိုတန်းတွင် ကြေးတံဆိပ်ဆုကို ထပ်မံရရှိခဲ့ပါသည်။
၂၃-၈-၂၀၂၅ ရက်နေ့တွင် မောင်ချမ်းမြေ့ထွန်းက (၇၅)ကီလိုတန်းတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း၊ မောင်စိုင်းသက်နောင်ဦးက (၁၇၅)စင်တီမီတာ ကိုယ်ခန္ဓာအလှ အမျိုးသား ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ မောင်မျိုးသူရကျော်က (၁၈၀)စင်တီမီတာ အထက် ကိုယ်ခန္ဓာအလှ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကို လည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။
ယနေ့ ၂၄-၈-၂၀၂၅ ရက်နေ့တွင် မဇူးဇူးသန့်က Women’s Model Physique up to 170cm ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း၊ မမိုးသက်ခိုင်က Women’s Wellness Physique ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကို လည်းကောင်း၊ မောင်ချမ်းမြေ့ထွန်းက အကောင်းဆုံးကိုယ်ဟန်ပြဆုကို လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့သည် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၂ ခုနှင့်ကြေးတံဆိပ် ၃ ခု စုစုပေါင်း ဆုတံဆိပ် ၇ ခု အပြင် မောင်ချမ်းမြေ့ထွန်းက အကောင်းဆုံးကိုယ်ဟန်ပြဆုပါ ထပ်မံရရှိခဲ့ပါသည်။
ပြိုင်ပွဲဝင် နိုင်ငံပေါင်း (၂၈)နိုင်ငံမှ ပြိုင်ပွဲဝင်အားကစားသမား(၁၆၇)ဦး ယှဉ်ပြိုင်ကြသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ ခု နှင့်ကြေးတံဆိပ် ၃ ခု ရရှိခဲ့ပြီး အမျိုးသားအသင်းသည် နိုင်ငံအလိုက် တတိယဆုနှင့်အမျိုးသမီးအသင်းသည် နိုင်ငံအလိုက်တတိယဆု အသီးသီးရရှိခဲ့ပြီး၊ (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲအားဆက်လက်ကျင်းပခဲ့ရာ နိုင်ငံ(၂၈)နိုင်ငံမှ ပြိုင်ပွဲဝင်အားကစားသမား(၃၇၀)ဦး ယှဉ်ပြိုင်ကြရာ (၄၉)တန်းတွင် မြန်မာက (၁၈)တန်းဝင်ပြိုင်ပြီး ပြိုင်ပွဲဝင်ဦးရေ (၂၀)ဦးတွင် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၃ ခု ထပ်မံရရှိခဲ့ကြောင်းသတင်းရရှိသည်။


