အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ

ရန်ကုန်၊ ဩဂုတ်လ (၂၃)ရက်

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ နှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၉ : ၃၀)နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ ၊ ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးများနှင့် တွဲဖက် အတွင်းရေးမှူး များ တက်ရောက်ကြပါသည်။

ယနေ့အစည်းအဝေးတွင် ပီတန်း ၊ ဘိုးလင်း ၊ စစ်တုရင် ၊ Kickboxing ၊ Muay ၊ ကြက်တောင် ၊ ဘိလိယက်နှင့် စနူကာ ၊ ကျွမ်းဘား ၊ ဟော်ကီ ၊ ရွက်လှေ ၊ ပိုက်ကျော်ခြင်း ၊ အလေးမ ၊ ဘတ်စကက်ဘော ၊ ခြင်းလုံး ၊ နပန်း ၊ တင်းနစ် ၊ ဂျူဒို ၊ စက်ဘီး ၊ E Sports ၊ မြင်းစီး ၊ ခရစ်ကက် ၊ ဂျူဂျစ်ဆု ၊ Kabaddi ၊ စားပွဲတင်တင်းနစ် ၊ ဘောလုံး/ဖူဆယ် ၊ Teqball ၊ စကိတ် ၊ ရေကူး ၊ Tug of War ၊ လှေလှော် ၊ မြားပစ် ၊ လက်ဝှေ့ ၊ သေနတ်ပစ် ၊ ပြေးခုန်ပစ် ၊ Squash ၊ ပန်ကြပ်ဆီလပ် ၊ ဂေါက်သီး ၊ ကရာတေး ၊ တိုက်ကွမ်ဒို ၊ ဘော်လီဘော ၊ ဝူရှူး အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါ သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးမှ ပထမအကြိမ်နိုင်ငံအလိုက် အားကစားအဖွဲ့ခေါင်းဆောင်များအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့သည့်အချက်များအနက် အားကစားအဖွဲ့ချုပ်များအနေဖြင့် သိသင့်သိထိုက်သည့်အချက်များသိရှိပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ကြစေရေးအတွက် ထပ်ဆင့် ရှင်းလင်းပြောကြားပေးသွားရန် လမ်းညွှန်မှုအရ ယခုအစည်းအဝေးကိုပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် အားကစားအဖွဲ့ခေါင်း‌ဆောင်များအစည်းအဝေးသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲ ကွင်း/ရုံများအား Power Point ဖြင့်သာ ပြသခဲ့ပါကြောင်း၊ အဖွဲ့ချုပ်စရိတ်ဖြင့်သွားရောက်မည့် အားကစားအဖွဲ့ချုပ်များ အနေဖြင့် လိုက်ပါမည့် အုပ်ချုပ်/ နည်းပြများ ၊ ကစားသမားအရေအတွက်များ၏ လေယာဉ်စရိတ် နှင့် တည်းခိုနေထိုင်စားသောက်စရိတ်စသည့် ငွေကြေးဆိုင်ရာကိစ္စရပ်များအား (၂၂.၉.၂၀၂၅) ရက်နေ့ နောက်ဆုံး ထားပေးသွင်းရမည်ဖြစ်ကြောင်း ၊ ပြိုင်ပွဲကျင်းပမည့် မြို့(၃)မြို့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(၃)ဦးမှ အဖွဲ့ခေါင်း‌ဆောင်များအဖြစ် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့သွားရောက်မည့် လူဦးရေစာရင်း၊ ကတ်အမျိုးအစားနှင့် Data အချက်အလက်များအား (၂၅.၈.၂၀၂၅) ရက်နေ့ နောက်ဆုံးပေးပို့ရမည်ဖြစ်ကြောင်း ၊ ပြိုင်ပွဲအောင်မြင်မှု ရရှိရေးအတွက် အမှန်အကန်ဆုံးဖြတ် ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်မည့် ဥက္ကဋ္ဌ နှင့် တာဝန်ယူ ဆောင်ရွက်နိုင်သူ တစ်ဦးတို့အား Viber Group အဖွဲ့တွင် ထည့်သွင်းဖွဲ့စည်းထားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေး တင်ပြရာ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကြီးကို ထိုင်နိုင်ငံ၏ အဓိကမြို့ကြီး (၃)မြို့နှင့် အခြားမြို့များတွင် နေရာခွဲလက်ခံကျင်းပသွားမည်ဖြစ်သည့်အပြင် မြို့တစ်မြို့ချင်းစီအလိုက် ဇုန်များ ထပ်မံခွဲခြားထားသည့်အတွက် နေရာကျယ်ပြန့်မှုအရ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်သွားရန် လိုကြောင်း၊ မြန်မာအားကစားအဖွဲ့များအတွက် ပြိုင်ပွဲမသွား ရောက်မီ ကြိုတင်ဖြန့်ဝေပေးသွားမည်ဖြစ်သည့် အားကစားအဖွဲ့များ လိုက်နာဆောင်ရွက်ရန် တည်မြဲ အမိန့်များအား ဖတ်ရှုလေ့လာကြစေလိုပါကြောင်း ၊ မိမိအားကစားအဖွဲ့ဝင်များအတွက် လိုအပ်သော သက်စောင့်အိမ်သုံးဆေးဝါးများ ကြိုတင်စုဆောင်း၍ ယူဆောင်သွားကြရန်လိုအပ်ပါကြောင်း ၊ လေ့ကျင့် နေမှုများနှင့် ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် ကစားသမားများ Injury များ မဖြစ်စေရန်နှင့် ကျန်းမာရေး ကောင်းမွန်စေရန် အထူးဂရုစိုက်ကြစေလိုကြောင်း ၊ Contingent စာရင်းတွင် သတ်မှတ်အချိုးအစား ပြည့်မှုကြောင့် Extra Official များအဖြစ်လိုက်ပါမည့် ပုဂ္ဂိုလ်များအနေဖြင့် တည်းခိုနေထိုင်ရာ ဟိုတယ်များတွင် ကျသင့်မည့်နှုန်းထားများမှာ Contingent စာရင်းတွင် ပါဝင်သူများ၏ နှုန်းထားနှင့် မတူဘဲ တစ်ဦးလျှင် တစ်ရက် အမေရိကန်ဒေါ်လာ ၁၅၀ နှုန်းဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ယင်းနောက် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် က ပထမအကြိမ် အားကစားအဖွဲ့ခေါင်း‌ဆောင်များအစည်းအဝေးသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် စပ်လျဉ်း၍ ပြိုင်ပွဲဖွင့်ပွဲ / ပိတ်ပွဲ ရက်များ၊ ပြိုင်ပွဲကျင်းပမည့် ကာလများ ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Event ဇယားများ ၊ ဟိုတယ်များနှင့် အားကစားကွင်းများ အကွာအဝေးနှင့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်တို့အား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါ သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ငွေကြေးကိစ္စ(ဘဏ္ဍာရေး) စီစဉ်ဆောင်ရွက်ထားရှိမှုများ ၊ ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ရာတွင် အုပ်ချုပ်မှုပိုင်းဆိုင်ရာစီမံခန့်ခွဲ ထားရှိမှုများ၊ ပြိုင်ပွဲသို့ သွားရောက်မည့် လူစာရင်း A , B , D , FO , F , FX , O ကတ်အမျိုးအစားများနှင့် Data အချက်အလက်များအား ပြည့်စုံအောင်ပေးပို့နိုင်ရေးများ ၊ ပြိုင်ပွဲဝင် အုပ်ချုပ်/ နည်းပြများ ၊ အားကစားသမားများ၏ လူဦးရေ အရေအတွက် နှင့် တူညီဝတ်စုံဆိုဒ်စာရင်းများ ၊ လူဦးရေစာရင်း အတိုး/အလျော့ ကိစ္စရပ်များ ၊ ဒိုင်လူကြီးတာဝန်ထမ်းဆောင်မှုများ၊ ပြည်ပနိုင်ငံများသို့ ပူးတွဲလေ့ကျင့်မှု (Joint Training ) သွားရောက်ရန် အစီအစဉ်များ၊ မျှော်မှန်းထားသည့် ဆုတံဆိပ်ရရှိမှုအခြေအနေများ ၊Black List စစ်နိုင်ရေး ကိစ္စရပ်များ ၊ လူရွေးချယ်ရေး ကိစ္စရပ်များ ၊ ကစားသမားများ၏ ကျန်းမာရေး အခြေအနေများအား တင်ပြဆွေးနွေးပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ အတိုင်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူတို့က (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များနှင့် ဆောင်ရွက် ပေးရမည့် ကိစ္စရပ်များအပေါ် လိုအပ်ချက် များအား အသေးစိတ်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ထိုမှတဆင့် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် Sports Hotel ၌ AFC Women Club Champion League ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် I .S. P. E FC အမျိုးသမီး ဘောလုံးအသင်းနှင့်တွေ့ဆုံရာတွင် အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပြီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ညွှန်ကြား‌ရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ အားကစားသမားများအား ပြိုင်ပွဲ၌ အောင်မြင်မှုများရရှိစေရေး အတွက် Teamwork စိတ်ဓာတ်ဖြင့် ပူးပေါင်းကြိုးစားကြရန်၊ အောင်နိုင်ရေးကို အဓိကဦးတည်ချက် ထားပြီး ကြိုးစားဆောင်ရွက်ရန် ၊ မိမိကိုယ်စားပြုယှဉ်ပြိုင်သည့် I .S. P. E FC ကလပ်အသင်းသည် မြန်မာအသင်း ၊ မြန်မာ့လက်ရွေးစင်အသင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများ၏ အားပေးမှုကို ရရှိထားသည်ဖြစ်၍ နိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစား ကြရန် တိုက်တွန်းမှာကြားခဲ့ပြီး လိုအပ်သည်များအားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။