နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းပြန်လည်ရောက်ရှိကြိုဆို
ရန်ကုန်၊ ဩဂုတ်လ(၂၁)ရက်။
ဗီယက်နမ်နိုင်ငံတွင် ဇူလိုင်လ ၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယမန်နေ့ ည (၉: ၀၀) နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင် ပရိသတ်များ က အိုးစည်ဒိုးပတ်များနှင့်သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါသည်။
အဆိုပါ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းသည် ပွဲစဉ်အားလုံးရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီး ဗိုလ်လုပွဲကို ထိုက်တန်စွာတက်ရောက်နိုင်ခဲ့ကာ ဩစတြေးလျအသင်းနှင့်ယှဉ်ပြိုင်ကစားရာ တစ်ဂိုးဂိုးမရှိ ရလဒ်ဖြင့် ဒုတိယဆုကိုရရှိခဲ့ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဂိုးသမား မျိုးမြမြငြိမ်း က ပွဲစဉ်အားလုံးတွင် ပြိုင်ဘက်အသင်း သွင်းယူသည့်ဂိုးအားလုံးကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ခြင်းကြောင့် အကောင်းဆုံးဂိုးသမားဆုနှင့် ဝင်းသိင်္ဂီထွန်းက အုပ်စု(၃)ပွဲနှင့်ဆီမီးဖိုင်နယ်တို့တွင် ဂိုးများစွာသွင်းယူနိုင်ခဲ့ခြင်းကြောင့် သွင်းဂိုးအများဆုံးဆုတို့ကို ရရှိခဲ့ကြောင်းသိရှိရသည်။