အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး၊ ဩဂုတ် ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ကကြီးမှူးကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁၄း၃၀)နာရီက တောင်ကြီးမြို့ ပြည်နယ်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူများနှင့်နည်းပြများ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ဒုတိယအမြဲတမ်းအတွင်းဝန် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း က အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်ဖူဆယ် အားကစားသမားများပေါ်ထွက်လာစေရေး၊ ဖူဆယ်အားကစားနည်းကို ပြည်သူများ စိတ်ဝင်စားမှု ရှိလာစေရေး၊တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ ဖူဆယ် အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သွားလာနေထိုင်ရေးနှင့် စားသောက်ရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ ပြိုင်ပွဲဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့်လည်း ရှမ်းပြည်နယ်၏ ဒေသန္တရ စည်းကမ်းများအတိုင်း စနစ်တကျလိုက်နာကြရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရာ၌ ဒိုင်လူကြီးများမှလည်းသမာသမတ်ရှိစွာဖြင့် ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း တိတိကျကျဆောင်ရွက်ပေးစေလိုပါကြောင်း ၊ ဘက်လိုက်မှု ဖြစ်စဉ်များဖြစ်ပေါ်လာပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများကလည်းဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို စောဒကတက်မှုမရှိဘဲ လိုက်နာ ကြရန်လိုအပ်ကြောင်း၊ပြိုင်ပွဲတွင်ထူးခြားဖြစ်စဉ်များရှိပြီး အခက်အခဲများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ချက်ချင်းသတင်းပို့ရန်လိုကြောင်း၊ ပြိုင်ပွဲကာလအတွင်းကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်စေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်မှုကိစ္စရပ်များ၊ ဆေးဘက်ဆိုင်ရာကိစ္စရပ်များနှင့်လိုအပ်ချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။