ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဘော်လီဘောဒိုင်လူကြီးသင်တန်းဆင်းပွဲ ၊ (၁၀)နှစ်ပြည့်အထိမ်းအမှတ် MLWC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်
ရန်ကုန်၊ ဩဂုတ်လ ၁၇ ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကြီးမှူးဖွင့်လှစ်သော မြန်မာနိုင်ငံဘော်လီဘော ဒိုင်လူကြီး (Referee)သင်တန်းဆင်းပွဲအခမ်းအနားကိုယနေ့နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုူရေးရာဝန်ကြီး ဦးဌေးအောင် ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ များနှင့် အမှုဆောင်များ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းနည်းပြဆရာများ၊ ဒိုင်ချုပ်များနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ဘော်လီဘောအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၁.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်အား အသစ်ပြင်ဆင် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ရာ ဘော်လီဘောဒိုင်လူကြီးသင်တန်းကို ပထမအကြိမ်ဖွင့်လှစ်ပေးနိုင်သည်ကို တွေ့မြင်ရပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများ ကျင်းပ ရာတွင် ဒိုင်လူကြီးများ ၊ အရည်အချင်းပြည့်မီစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊သင်တန်းဆင်းဒိုင်လူကြီးလက်မှတ်ပေးအပ်ချီးမြှင့်မည်ဖြစ်ရာ ဒိုင်လူကြီး လက်မှတ်တွင် (A), (B), (C)အဆင့် (၃)မျိုးခွဲခြားသတ်မှတ်ထားပြီး ယခုဒိုင်သင်တန်းသား များအတွက် သင်တန်းဆင်းပြီးပါက သင်တန်းဆင်းအောင်လက်မှတ်နှင့် ဒိုင်လူကြီးလုပ်ပိုင်ခွင့်လက်မှတ် (C) အား ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ ဒိုင်လူကြီးသင်တန်းများကို ဖွင့်လှစ်ခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ဒိုင်နှင့် ပြည်တွင်းဒိုင်ဦးရေ (၄၀)ကျော်ကိုလည်း အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့တာကိုလည်း တွေ့ရှိ ပါကြောင်း၊ ထူးချွန်ထက်မြက်သည့် အနာဂတ်ရဲ့ ဒိုင်လူကြီး ကောင်းများ ဖြစ်အောင် တတ်စွမ်းသမျှ တစ်ထောင့်တစ်နေရာမှ ပါဝင်ပြီး နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်အောင် ကြိုးစားဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဒိုင်သင်တန်းနည်းပြချုပ် ဦးဖြိုးသူအောင်အား ဂုဏ်ပြု လက်ဆောင်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုူရေးရာဝန်ကြီးဦးဌေးအောင်က သင်တန်းမှူး ဦးဇော်လွင်ဦး အား ဂုဏ်ပြု လက်ဆောင်ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌတို့မှ သင်တန်းဆင်းဒိုင်လိုင်စင် လက်မှတ်များကို သင်တန်းသား/သင်တန်းသူများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ အားကစား ခန်းမတွင် (၁၀)နှစ်ပြည့်အထိမ်းအမှတ် MLWC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးမှ ရတနာရွှေမောင်းကို (၃)ချက်တီး၍ အခမ်းအနားအား ဖွင့်လှစ် ပေးခဲ့ပြီး ပထမပွဲစဉ်အဖြစ်(၅၄)ကီလိုတန်းတွင် သိန်းစိုးနှင့် ဆလိုင်းထန်ခွီးရှိန် တို့ ယှဉ်ပြိုင်ကစားနေမှု ကို ကြည့်ရှုအားပေး၍ အနိုင်ရရှိသွားသော ဆလိုင်းထန်ခွီးရှိန် အား ရွှေခါးပတ် နှင့် လည်ဆွဲကို ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့မှတဆင့်ညနေပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင် ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြိုင်ပွဲဗိုလ်လုပွဲများအား ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ရာတွင် မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင် က အမျိုးသမီး တစ်ကိုယ်တော် ဓါးတစ်လက် အပြ ပြိုင်ပွဲတွင်ဆုရရှိသူများ အားလည်းကောင်း၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်က အမျိုးသားတစ်ကိုယ်တော် လှံရှည်အပြ ပြိုင်ပွဲတွင်ဆုရရှိသူများအား လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အမျိုးသမီးတစ်ကိုယ်တော် လှံရှည်အပြပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက အမျိုးသား အတွဲလိုက် (၁+၃) ဓါးရှည် ဝိုင်းထွက် ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမျိုးသမီး (၅၀-၅၅)ကီလို ဓါးနှစ်လက် အတိုက် ပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အမျိုးသား(၅၀-၅၅)ကီလို ဓါးနှစ်လက်အတိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် က အမျိုးသမီး(၄၅-၄၉)ကီလိုအတိုက် ပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် က အမျိုးသား(၄၉-၅၃)ကီလို အတိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း က အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် အမျိုးသား တံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က စုပေါင်း တံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်း ဒေသကြီးအသင်းကို စုပေါင်းတံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ကျောက်စိမ်းခန်းမတွင် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော် တို့နှင့်တွေ့ဆုံပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး၊ ဆုတံဆိပ်များ ရရှိနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ ကစားသမား များ၏ လေ့ကျင့်နေမှု စံချိန်၊ စံနှုန်းများ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအမျိုးအစားများ၊ Joint Training သွားရောက်လေ့ကျင့် နိုင်ရေး၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ ဝယ်ယူသယ်ဆောင်နိုင်ရေး ၊ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရာတွင်အားကစားသမားများ ကျန်းမာရေး ကောင်းမွန် စေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။











