မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဩဂုတ် ၁၆
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Inperson စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး၊ အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံအသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု အရည်အချင်းများ မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်-၂၀၂၅ အခမ်းအနားအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ယခုလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထူးချွန်သည့် လူငယ်ကိုယ်စားလှယ်များကို စနစ်တကျ ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားဝတ်စုံများဖြင့် လူမှုရေးရာဝန်ကြီးများက ဦးဆောင်၍ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားနှင့် ဆွေးနွေးပွဲအခမ်းအနားများသို့ တက်ရောက်ပါဝင်ဆွေးနွေးနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က မြန်မာ့ အနာဂတ် မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ် -၂၀၂၅ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားကျင်းပမည့် အစီအစဉ်များ၊ တည်းခိုနေထိုင်၊ စားသောက်၊ သွားလာမှုများ၊ လေ့လာရေးသွားရောက်မည့် ခရီးစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ်ကို Power Point ဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးများက သိလိုသည်များကို အသီးသီး မေးမြန်းတင်ပြ ခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ် -၂၀၂၅ အခမ်းအနားကို တစ်နိုင်ငံလုံးရှိ လူငယ်များ အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းများကို ရှုမြင် အဆိုပြုနိုင်စွမ်းကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်နှင့် အနာဂတ်တွင် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် လူငယ်ကွန်ရက်ကို ဖန်တီးဖော်ဆောင် ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အခမ်းအနားအစီအစဉ် အစ/အဆုံးကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Channel များတွင် တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


