ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်သိုင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုစစ်ဆေး
ရန်ကုန် ၊ ဩဂုတ်လ (၁၅)ရက်
မြန်မာ့သိုင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်သိုင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉: ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့်အားကစားသမားများ တက်ရောက်ခဲ့ ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့သိုင်းပညာရပ် သည် မြန်မာတို့ရဲ့ ဇာတိသွေး ၊ဇာတိမာန်ကို အခြေခံပြီး ခေတ်အဆက်ဆက် တန်ဖိုးထား လက်ဆင့် ကမ်းသယ်ဆောင်လာခဲ့တဲ့ မြန်မာတို့ရဲ့ ကိုယ်ခံပညာတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့သိုင်းပညာရပ် များကို အချင်းချင်း အပြန်အလှန် ဖလှယ်နိုင်ပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိရေးနှင့် မြန်မာ့သိုင်း ပညာရပ်များ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေရေးတို့အတွက် ကြိုးစားကြစေလိုကြောင်း၊ မြန်မာ့ သိုင်း ပညာသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးပါတဲ့အပြင် မြန်မာ့ရိုးရာ အမွေအနှစ် ကိုယ်ခံပညာတစ်ရပ် အနေနဲ့လည်း အလေးအနက်ထား ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာသိုင်းပညာကို လူငယ်၊ လူရွယ်တိုင်း စိတ်ပါဝင်စားလေ့ကျင့် ကစားလာကြပြီး မြန်မာ့ ရိုးရာ ကိုယ်ခံသိုင်းပညာရပ်ကို ပျောက်ပျက်မသွားစေရေး၊ အခြားနိုင်ငံများရဲ့ ပညာရပ်များ ရောနှော မသွားစေရေး၊ ပညာရှင်အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ဖို့လိုကြောင်း၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အနေနဲ့ ပန်ကြပ်ဆီလပ်အားကစားနည်းဖြင့် ၁၉၉၅ခုနှစ်၊(၁၈)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ စတင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များစွာကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ ယနေ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓာတ်၊ အပြည့်အဝနဲ့ သန့်သန့် ရှင်းရှင်း ယှဉ်ပြိုင် ကစားကြပြီး တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို ဖော်ဆောင်ပြသကြစေလိုကြောင်း၊ ထူးချွန်ထက်မြက်ပြီး ရိုးရာအမွေအနှစ်ကို ဆက်ခံထိန်းသိမ်းနိုင်တဲ့ မြန်မာ့သိုင်းအားကစားသမားကောင်းများ၊ သိုင်းပညာရှင်များဖြစ်လာ အောင်လည်း ကြိုးစားသွားကြပြီး ဒီပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်း မှာကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆို ခဲ့ပြီးနောက်ပြည်ထောင်စုဝန်ကြီး ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ပြိုင်ပွဲဝင်အားကစားသမား များ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တို့က အ.ထ.က (၂)လသာ မှ ဘင်ခရာနှင့်ပန်းဖွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၅)သိန်းကို ပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် ပထမနေ့ပွဲစဉ်အဖြစ် အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။





ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင်တာမွေမြို့နယ် ၊ ကျိုက္ကဆံ အားကစားကွင်းအတွင်းရှိ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်သို့လည်းကောင်း၊ ခြင်းလုံးအားကစား လေ့ကျင့်ရေးရုံသို့လည်းကောင်း၊ ဝူရှူးအားကစားလေ့ကျင့်ရေးရုံသို့လည်းကောင်း၊ မြားပစ် အားကစားကွင်းသို့လည်းကောင်း ရောက်ရှိရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ကြိုဆိုကြပြီး (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် အားကစားသမားများလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီးပြိုင်ပွဲသို့ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင်ကြိုးစားကြရန်၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများနှင့် လေ့ကျင့်ရာတွင် ပြိုင်ပွဲဝင် သုံးအထောက်အကူပြုပစ္စည်းများ၏ အလေးချိန်နှင့် စံနှုန်းထားများအတိုင်း လေ့ကျင့်ထားရန် ၊ စိတ်ဓာတ်ကောင်းမွန်ပြီး စည်းကမ်းရှိစွာဖြင့် ကြိုးစားယှဉ်ပြိုင်၍ ရွှေတံဆိပ်ဆုများရယူကာ အမိ မြန်မာနိုင်ငံရဲ့အလံကို နိုင်ငံတကာအလယ်တွင်လွှင့်ထူနိုင်ပြီး နိုင်ငံတော်ကိုကျေးဇူးဆပ်နိုင် အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး အားကစားသမားများအား ထောက်ပံ့ချီးမြှင့်ငွေ များပေးအပ်ခဲ့ကြောင်းသိရှိရသည်။





