အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ

မြစ်ကြီးနား၊ ဩဂုတ်-၁၂ (၂၀၂၅)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ်နှင့် တက္ကသိုလ်ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများနှင့်အတူ‌ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာစပ်ဆိုပြိုင်ပွဲ၊ အဆိုပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ လူငယ်စကားဝိုင်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်လူငယ် စုစု‌ပေါင်း(၁၀၀)ဦးကျော်တို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီး ဆုများချီးမြှင့်ခဲ့ကြသည်။

ယနေ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခမ်းအနားတွင် ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ လူငယ်စွမ်းရည်‌ တေးသီချင်း၊ အ.ထ.က (၈) ကျောင်းမှ ကချင်ရိုးရာအက၊ ပညာရေးဒီဂရီကောလိပ်မှ ရှမ်းရိုးရာအကနှင့် န.တ.လ ကျောင်းမှ လီဆူရိုးရာအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။