အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာစကိတ်အားကစားအဖွဲ့နှင့် H.T.V Sports Channel အဖွဲ့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် ၁၄

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြန်မာစကိတ် အားကစားတိုးတက်ဖွံ့ဖြိုးရေးနှင့် H.T.V Sports Channel အဖွဲ့ သတင်းရိုက်ကူးခြင်းဆိုင်ရာအတွက် တာဝန်ရှိသူများအား ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံစကိတ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးလွင်လတ်နှင့် တာဝန်ရှိသူတို့က မြန်မာစကိတ် အားကစားတိုးတက်ဖွံ့ဖြိုးစေရေး၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေးအတွက် အဖွဲ့ချုပ်အနေဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ Roll Ball အားကစားအဖွဲ့ ဖွဲ့စည်းခွင့်ရရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လေ့ကျင့်ရေးကွင်းရရှိရေးနှင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တဆင့် သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်၍ ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် H.T.V Sports Channel အဖွဲ့ သတင်းရိုက်ကူးခြင်း ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ရာ H.T.V Sports Channel အဖွဲ့မှ (CEO) ဦးဇေယျာမင်းနှင့် တာဝန်ရှိသူတို့က Hey Play Channel တွင် လက်ရှိရိုက်ကူး ထုတ်လွှင့်နေမှုများ၊ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်ပြသပေးလျက်ရှိသည့် အားကစားနည်းများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကာလမတိုင်ခင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြိုင်ပွဲကာလအတွင်း ပြိုင်ပွဲယှဉ်ပြိုင်နေမှုများနှင့် တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်မည့် အားကစားနည်းများနှင့် ပတ်သက်ပြီး လိုအပ်သည့်အချက်အလက်များ၊ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့်သူများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို အသီးသီး အကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး ပြောကြားရာတွင် အများပြည်သူစိတ်ဝင်းစားသည့် အားကစားနည်းများဖြစ်သော ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ကွင်းသွင်းခြင်း၊ ပြေးခုန်ပစ်၊ အလေးမ၊ လှေလှော်၊ ဘိလိယက်နှင့် စနူကာ၊ ပီတန်း၊ မြားပစ်၊ သေနတ်ပစ်၊ ကဘာဒီနှင့် တက်ဂ်ဘော စသည့် အားကစားနည်းများနှင့် ကိုယ်ခံပညာ(အတိုက်) အားကစားနည်းများဖြစ်သော တိုက်ကွမ်ဒို၊ ဂျူဒို၊ ပန်ကြပ်ဆီလပ်၊ ကစ်ဘောင်ဆင်၊ မွေနှင့် ဝူရှူး စသည့် အားကစားနည်းတို့ကို တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်နိုင်ရေးကိစ္စရပ်များနှင့် လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။