အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၃

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် အုပ်ချုပ်မှုပိုင်း ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လက်ထောက်အတွင်းဝန်များ၊ ဌာနခွဲများမှ တာဝန်ခံညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မကြာမီ ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ လေ့ကျင့်မှုကို အထောက်အကူပြုမည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြပေးသွားရန်လိုကြောင်း၊ မြန်မာ အသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် အားကစားနည်းများ အလိုက် လက်ရှိစခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊ စံချိန်/ စံညွှန်း တိုးတက်မှုအခြေအနေ များ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းလိုအပ်မှုများ၊ ပြိုင်ပွဲဝင်ဝတ်စုံများနှင့် အထောက်အကူပြု ပစ္စည်းများ အချိန်မီရရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေ များအား တင်ပြပေးသွားရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လက်ထောက်အတွင်းဝန်များနှင့် ဌာနခွဲ များအလိုက် တာဝန်ခံညွှန်ကြားရေးမှူးများက ယခင်လအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေဆဲလုပ်ငန်းအခြေအနေများ၊ လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးအတွက် ကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး အသီးသီး တင်ပြခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများက တင်ပြချက်များအပေါ် မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိ သည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ် များတွင် အမှားအယွင်းမရှိစေဘဲ သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ အချိန်မီပေးပို့နိုင်ရေး နှင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးတို့အတွက် တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်ကြပ်မတ်ပြီး ပေးပို့တင်ပြဆောင်ရွက်သွားရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးကိစ္စရပ်များနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တက်ညီလက်ညီ ဆက်လက်၍ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။