လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် ပထမ(၆)လပတ် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဩဂုတ် ၄
လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးသည် ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် ပထမ(၆)လပတ် ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေး၊ ဦးစီးဌာန(ရုံးချုပ်)ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကယပညာ(သိပ္ပံ) ကျောင်းအုပ်ကြီးများ တင်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံခန့်အပ်ထားသည့် ဝန်ထမ်းအင်အားအခြေအနေအရ ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေး သော်လည်း လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာဆိုင်ရာ လုပ်ငန်းတာဝန်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက ဝိုင်းဝန်း ပေါင်းစပ်ကူညီဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျင်းပပြုလုပ်မည့် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အချိန်ကန့်သတ်ချက်အရ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ထိထိရောက်ရောက်ဖြင့် လိုရင်းတိုရှင်းသာတင်ပြ ပေးသွားရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပထမ(၆)လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့မှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် လူငယ်စင်တာတည်ဆောက်ဖွင့်လှစ်ထားမှု မရှိသေး သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လူငယ်စင်တာ ဆောက်လုပ်နိုင်ရေးအတွက် တင်ပြ ဆောင်ရွက်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ တင်ပြချက် များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


