အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံများသို့ တက်ရောက်

ရန်ကုန်၊ ဇူလိုင် ၃၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံ (Young Leaders Peace Dialouge and The World Youth Conference for Peace) များသို့ တက်ရောက်ရန်အတွက် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့သို့ (CZ-3056) ဖြင့်လည်းကောင်း၊ ကွမ်ကျိုးမြို့မှ ပေကျင်းမြို့သို့ (CZ 3105) တရုတ်ပြည်တောင်ပိုင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများဖြင့် ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်လံပို့ဆောင်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် CPAFFC(Youth Leaders Peace Dialouge Chinese People’s Association for Friendship with Foreign Countries National Art Museum of China)အတွင်းရှိ Auditiorium ခန်းမတွင် ကျင်းပပြုလုပ်သည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံသို့ ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံ(၁၃၂)နိုင်ငံ ကိုယ်စား တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဆက်လက်ကျင်းပခဲ့သည့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော ငြိမ်းချမ်းရေး Consensus for Peace: Voices of Justice from The Global South Amid Escalating and Prolonged Geopolitical Conflicts (ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်များ၊ ပထဝီနိုင်ငံရေးပဋိပက္ခများကြောင့် ကမ္ဘာလုံး ဆိုင်ရာတောင်ပိုင်းဒေသရှိ လူငယ်များ၏ တရားမျှတမှုအတွက် စကားသံများ) ခေါင်းစဉ်နှင့် တာဝန်ယူမှုရှိသော လူငယ်ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး Responsibility for Peace: A Shared Approach to Misinformation Government in Era of AI (AI ခေတ်တွင် မှားယွင်းသော သတင်းအချက်အလက်နှင့်ပတ်သက်၍ စီမံခန့်ခွဲပုံအဆင့်ဆင့်) စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးသည့် စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

ဇူလိုင်လ ၂၈ ရက်နေ့ အခမ်းအနားတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှ လူငယ်ကိုယ်စားလှယ် ၁၈၀ ဦးခန့် တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Li Jing၊ အပြည်ပြည်ဆိုင်ရာ ဝူရှူးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး၊ တရုတ်နိုင်ငံဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Mrs. Zhang Yu Ping တို့နှင့် တွေ့ဆုံ၍ (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့အားကစားသမားများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုနှင့် မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မြင့်မားစေရေးအတွက် အားကစားနည်းပြများ ထောက်ပံ့ကူညီပေးနိုင်ရေးကိစ္စတို့အား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ Peking University အတွင်းရှိ Khao Teck Paut အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး လူငယ်ညီလာခံ (World Youth Conference)သို့ တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ လက်တင်အမေရိကတိုက်၊ မြောက်အမေရိကတိုက်၊ အာဖရိကတိုက်၊ အာရှအလယ်ပိုင်း၊ အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့တောင်အာရှ၊ ဥရောပတိုက်တို့မှ နိုင်ငံပေါင်း ၁၃၀ ကျော်၏ လူငယ်ကိုယ်စားလှယ် ၃၀၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့ နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူမင်းမြို့သို့ MU – 5720 ဖြင့်လည်းကောင်း၊ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ MU-2031 တရုတ်အရှေ့ပိုင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတို့က ကြိုဆိုခဲ့ကြကြောင်း သိရသည်။