အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်းသိကောင်းစရာ” လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်စိုး၊ ဌာနဆိုင်ရာများမှအကြီးအကဲများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)မှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား/ကျောင်းသူများက “လှမ်းလို့ဖိတ်ခေါ် GTI နေပြည်တော်”သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် လူ့အဖွဲ့အစည်းအတွက် အလွန်အရေးကြီးသည့် မူးယစ်ဆေးဝါးအကြောင်းကို အနာဂတ်မျိုးဆက်သစ် လူငယ်များ ပိုမိုသိရှိလာစေရန်နှင့် ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ယဉ်ကျေးလိမ္မာပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြား စဉ်းစား နိုင်သော ဉာဏ်ရည်မြင့်မားသည့် ပညာတတ်လူငယ်များဖြစ်လာစေရေးအတွက် ရည်ရွယ်၍ ယခု အခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကို စွဲလမ်းစွာ သုံးစွဲနေမိပါက ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝနှင့်အလုပ်အကိုင်များကိုပါ ထိခိုက်ဆုံးရှုံးနိုင်ပါကြောင်း၊ လူငယ် အများစုသည် စူးစမ်းချင်စိတ်၊ ဖိအားပေးမှု၊ စိတ်ဖိစီးမှု စသည့်တို့ကို ခဏတာမေ့ပျောက်စေရန်၊ မိသားစုပတ်ဝန်းကျင်တွင် သုံးစွဲနေသူနှင့် အနီးကပ်နေထိုင်နေခြင်း၊ အလွယ်တကူ ဝယ်ယူနိုင်ခြင်း များကြောင့် မူးယစ်ဆေးဝါးကို သုံးစွဲမိနိုင်ပါကြောင်းနှင့် သုံးစွဲမှုနှုန်းပိုမိုမြင့်တက်စေနိုင်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ ဆိုးဆိုးရွားရွား ထိခိုက် စေနိုင်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဗဟုသုတအကြားအမြင် ပြည့်စုံနိုင်ပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး စသည့် ကဏ္ဍပေါင်းစုံကို သိရှိစေနိုင်သည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတများပြည့်ဝစေရန်နှင့် ဘဝရည်မှန်းချက်များ အောင်မြင်စေရန်အတွက် စာအုပ် စာပေကောင်းများကို လေ့လာဖတ်ရှုမှတ်သားရန်လိုကြောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်သည့် လူငယ်များကို လူတော်လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင်မွေးထုတ်ပေးရန် မိဘ၊ ဆရာ/ ဆရာမများသည် လက်ဦးဆရာများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသည် လူငယ်များ၏ အိပ်မက်များ၊ စွမ်းရည်များနှင့် အနာဂတ်ကို ဖျက်ဆီးနိုင်သည့်အတွက် ဆရာ/ဆရာများအနေဖြင့်လည်း ကျောင်းသား/ ကျောင်းသူများကို ကျောင်းသင်ဘာသာရပ်များအပြင် ဘဝတွင် ကြုံတွေ့လာရမည့် ပြောဆိုဆက်သွယ် မှု၊ စီမံခန့်ခွဲမှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ပြဿနာများကို ဖြေရှင်း တတ်မှု၊ မှန်ကန်စွာဆုံးဖြတ်ချက်ချမှတ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့အပြင် မူးယစ်ဆေးဝါးကင်းစင်သည့် လူ့ဘောင်သစ်တစ်ခုကို တည်ဆောက်ပေးနိုင်ပြီး ဘဝကို အောင်မြင်စွာ တည်ဆောက်နိုင်သည့် လူငယ် များဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးသွားရန်လိုကြောင်း၊ နိုင်ငံတော်က အားကိုးအားထားရပြီး ထူးချွန်ထက်မြက်သော ပညာပြည့်ဝနှလုံးလှသည့် လူငယ်များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် အသိပညာပေးသင်တန်းများနှင့် သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာမင်းမင်းထွန်းအား မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အားကစားပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထို့နောက် အသိပညာပေးဟောပြောမည့် ဇမ္ဗူသီရိမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ လင်းပြည့်သိမ်းအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်စိုးတို့က အမှတ်တရ ဂုဏ်ပြု လက်ဆောင်များကို ပေးအပ်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာလင်းပြည့်သိမ်းက “မူးယစ်နှင့်စိတ်ပညာ အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဉာဏ်စမ်းပဟေဠိ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သူ များကို အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။