၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၌ ပြုလုပ်မည့် လူငယ်စကားဝိုင်းအစီအစဉ်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်
နေပြည်တော်
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၌ ကျင်းပပြုလုပ်မည့် လူငယ်စကားဝိုင်းအစီအစဉ်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ၂၉-၇-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်၌ နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Cluster(04-06)တွင် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဆွေးနွေးပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသည် ယခင်နှစ်များ၌ ဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့် ကွဲလွဲမှုမရှိစေရေး၊ အခမ်းအနားအား အပိုင်း(၂)ပိုင်းဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ စကားဝိုင်းအစီအစဉ်တွင် ပါဝင်မည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် တက်ရောက်လာမည့် လူငယ်ကိုယ်စားလှယ်များအားလုံး နားလည်သဘောပေါက်သည့် အသုံးအနှုန်း အယူအဆများကို ရှင်းလင်းစွာ ဆွေးနွေးတင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့အကြို ညှိနှိုင်းအစည်းအဝေး၌ Moderator/ Speaker များအနေဖြင့် ဆောင်ရွက်မည့် ကိုယ်စားလှယ်များအား မိမိကဏ္ဍအလိုက် ဆွေးနွေးတင်ပြချက်များအား(မူကြမ်း) ဆောင်ရွက်ထားရန် လိုအပ်ကြောင်း လူငယ် ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများထံ အကြံဉာဏ်ရယူတောင်းခံနိုင်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်၊ လေ့ကျင့်ရေးနှင့်အသိပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူးက ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားနှင့် ဆက်စပ်အစီအစဉ်များဖြစ်သည့် လူငယ်စကားဝိုင်းအစီအစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် လူငယ်ကိုယ်စားလှယ်များက စကားဝိုင်းခေါင်းစဉ်အလိုက်ဆွေးနွေးချက်များအား ဆွေးနွေးခဲ့ကြပြီးနောက် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးအား နေ့လယ် (၁၅:၀၀)နာရီတွင် ရုတ်သိမ်းခဲ့သည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၌ လူငယ်စကားဝိုင်းအစီအစဉ်အတွက် အကြိုညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာများမှ ဝန်ထမ်းလူငယ် ကိုယ်စားလှယ်များ၊ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ်များနှင့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူ(၁၂)ဦးတို့သည် In-person ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့ရှိ လူငယ်ကိုယ်စားလှယ်(၂)ဦးတို့သည် Virtual စနစ်ဖြင့်လည်းကောင်း စုစုပေါင်း(၁၄)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။


