အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အမှူးပြု၍ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုးနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် မဟာဝိသုတာရာမ ဥယျာဉ်စုသိမ်ကျောင်းတိုက် ပဓါန နာယက ဆရာတော် အရှင်ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစု များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများက ပျဉ်းမနားမြို့နယ် မဟာဝိသုတာရာမ ဥယျာဉ်စုသိမ်ကျောင်းတိုက်မှ ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းအဖြစ်ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။







