မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
၂၀၂၅ ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ၊ ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌနှင့် သင်တန်းနည်းပြ/နည်းစနစ်ဆရာ Mr.Chavalit Jirayukul ၊ ဒိုင်ချုပ် Mr.Veerapol Nakaprawing နှင့် သင်းတန်းသား/သင်တန်းသူများ တက်ရောက်ကြ သည်။
ဦးစွာ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးချစ်ကိုကိုမှ အဖွင့်အမှာ စကားပြောကြား၍ သင်တန်းနည်းပြ/နည်းစနစ်ဆရာ Mr.Chavalit Jirayukul က နှုတ်ဆက် စကားပြောကြားကာ ဒုတိယ ဥက္ကဌ ဦးစိုးမိုးကျော်က ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူး ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသင်တန်းတွင် Video Clip ဖြင့် လက်တွေ့ပြသသင်ကြားခြင်း၊ Teqball နည်းစနစ် ၊ စည်းမျဉ်း/ စည်းကမ်းများ စာတွေ့လက်တွေ့ ပို့ချဆော့ကစားခြင်း၊ Teqball ဒိုင်လုပ်ငန်းနှင့် ပတ်သတ်သည်များ သင်ကြားပို့ချခြင်း၊ သင်တန်းတွင် သင်တန်း ပို့ချခဲ့သော အဖြေလွှာများ စစ်ဆေးသိမ်းဆည်း၍ သင်တန်းနည်းပြမှ အကောင်းဆုံးတစ်ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး သင်တန်းသား(၃၅)ဦး၊သင်တန်းသူ(၅)ဦး စုစုပေါင်း(၄၀)ဦးတို့ တက်ရောက်ကာ သင်တန်းကာလ ဇူလိုင်(၁၄)ရက်နေ့မှ (၁၆)ရက်နေ့ထိ ဆွေးနွေးပို့ချသွား မည်ဖြစ်ကြောင်း သိရှိရသည်။


