(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ Bangkok , Chonburi နှင့် Songkhla မြို့များတွင် အားကစားနည်း(၅၃)နည်းအားခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း (၄၀)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိစခန်းဝင် လေ့ကျင့်လျက် ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက အသေးစိတ်ဆွေးနွေးတင်ပြပေး သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (By Sports)နှင့် ပြိုင်ပွဲအမျိုးအစား (Event)များကို အိမ်ရှင်ထိုင်းနိုင်ငံသို့ ပေးပို့ခဲ့ပြီးပြီဖြစ်၍ ပြိုင်ပွဲဝင် အားကစားသမားများ၏ အမည်စာရင်း(By Number)များ အချိန်မီပေးပို့နိုင်ရန် လူရွေးချယ် ခြင်းများကို တာဝန်ရှိသူများက ဇူလိုင်လကုန်အပြီး ရက်များသတ်မှတ်၍ စနစ်တကျ စိစစ်ရွေးချယ်ပြီး ဝန်ကြီးဌာနသို့ အချိန်မီတင်ပြနိုင်ရေးအတွက် အားကစားအဖွဲ့ချုပ်များကို ကြိုတင်အကြောင်း ကြားထားရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးထိန်လင်းက ဆွေးနွေးပြောကြားရာတွင် မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အားကစားနည်းဆိုင်ရာအလိုက် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် အမှားအယွင်းမရှိစေရေးအတွက် အဆင့်ဆင့် စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုူရရှိစေရေး၊ အားကစားနည်းအလိုက် အားကစားသမားများ အတွက်လိုအပ်သည့် ကယ်လိုရီပမာဏနှင့် အာဟာရများ ပြည့်ဝစေရေးတို့အတွက် Sport Nutrition အာဟာရပိုင်းဆိုင်ရာ တွက်ချက်မှုများနှင့်အညီ စခန်းဝင်အားကစားသမားများအား ချက်ပြုတ်ကျွေးမွေး ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက သေသေချာချာ စိစစ်ကြပ်မတ်ဆောင်ရွက် သွားရန် ပြောကြားခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ် များနှင့် ဌာနခွဲများအလိုက် တာဝန်ရှိသူညွှန်ကြားရေးမှူးများတို့က လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် ယခင်လအစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် လက်ရှိကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ တက်ညီလက်ညီ ဆက်လက်၍ အရှိန်အဟုန်ဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




