အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ နှင့် မြန်မာနိုင်ငံ ဘောလုံးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန် (၄)ဇုန်ခွဲ၍ ကျင်းပခဲ့ရာ သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်းအသီးသီးတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင် ပရိသတ်အင်အား(၉၀၀၀)ကျော်ခန့် တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ (၃)နာရီမှ စတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်(၂)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးက ရခိုင်ပြည်နယ်အသင်းကို (၉)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို (၁၁-၇-၂၀၂၅)ရက်နေ့မှ (၁၈-၇-၂၀၂၅)ရက်နေ့အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန် (၄)ဇုန်ခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များမှ စတင်၍ ဗိုလ်လုပွဲ ပွဲစဉ်များအထိကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ကျင်းပသွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ (၃)နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အားကစားဥယျာဉ်ကွင်းတွင် ကယားပြည်နယ်အသင်းနှင့် မန္တလေး တိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြ မည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။