ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ပြန်လည်ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင် ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ဒဏ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာ အဆောက်အဦများကို သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးအတည်ပြုပြီး အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ပြန်လည်ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ အဆောက်အဦများဖြစ်သည့် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဘူးကွဲအိမ်ရာရှိ တိုက်အမှတ်(၅၃၅၀) နှင့် တိုက်အမှတ်(၅၃၅၁)တို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၏ ပြန်လည်ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများ၊ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများကို တာဝန်ယူပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည့် Myanmar Peach Co.,Ltd ၏ ပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အန္တရာယ်ကင်းရှင်းစေရေးနှင့် မိုးလုံလေလုံဖြင့် လုံလုံခြုံခြုံနေထိုင်နိုင်စေရေး၊ ရေ၊ မီးသုံးစွဲမှုများ အဆင်ပြေစေရေး၊ ရေလိုင်း၊ မီးလိုင်းများ ကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များကို ပြန်လည်ပြုပြင်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




