အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) သို့တက်ရောက်
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဌာနဆိုင်ရာများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီအစည်းအဝေးကို ၂၀၂၂ ခုနှစ်မှစတင်၍ ၁ နှစ်လျှင် (၂)ကြိမ်စီ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် ယခုအစည်းအဝေးအား ပထမအကြိမ် ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း၊ လူငယ်ရေးရာကဏ္ဍ ၁၆ ရပ်တွင်ပါရှိသည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)သည် စဉ်ဆက်မပြတ် လုပ်ဆောင် သွားရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်၏ (၂၀၂၅-၂၀၂၉)အဖြစ် ဆက်လက်ဆောင်ရွက်သွားနိုင်ရန်နှင့် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီမှ ဦးစားပေးဆောင်ရွက်ရန် ရွေးချယ်ထားရှိသည့် လုပ်ငန်းစဉ်နှင့် ဆောင်ရွက်ရန်အချက်များကို လက်ရှိအတိုင်း မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားစေလိုကြောင်း၊ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် “စည်းလုံးညီညွတ်ပြီး သဟဇာတ ဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ထူးချွန်ထက်မြက်၍ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ် စည်းကမ်းကောင်းမွန်သည့် လူကောင်းလူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်၍ နိုင်ငံ၏ အနာဂတ်ဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် တာဝန်ရှိသူများမှ ကြိုးပမ်း အားထုတ်သွားရန်နှင့် နိုင်ငံ့အရေးကို စိတ်ဝင်စားသည့် လူငယ်များ၊ လုပ်ငန်းရှင်များကို လက်တွဲ ခေါ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်” နိုင်ငံတော်အကြီးအကဲ၏ တိုက်တွန်း မှာကြားချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက် ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ၏ ဦးဆောင်မှု၊ တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် လူငယ်စင်တာများ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်လည်း ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့် ဆက်စပ် အခမ်းအနားများကို နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်၍ ဝန်ကြီးဌာနအသီးသီးမှ လူငယ်ကိုယ်စားလှယ်များအပါအဝင် လူငယ်ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက် နေသည့် အဖွဲ့အစည်းများမှ လူငယ်များကို ဖိတ်ကြားသွားရန် လျာထားစီစဉ် ဆောင်ရွက် ထားပါကြောင်း၊ အဆိုပါအခမ်းအနားတွင် ထူးချွန်လူငယ်များကို ဆုများချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များအပြင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက ယခင်ကျင်းပခဲ့သည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့် လူငယ် စကားဝိုင်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ရှေ့ဆက်လက် ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ပြောကြား၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




