အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝူရှူးအားကစားပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားနှင့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ရန်ကုန်၊ ဇူလိုင်လ (၄)ရက် ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနသို့ ဝူရှူးအားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်း အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia က အားကစားပစ္စည်းများပေးအပ်လှူဒါန်းရသည့် အကြောင်းအား ရှင်းလင်းပြောကြားရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်ပြီး အိမ်းနီးချင်းကောင်းပီသသည့် နိုင်ငံဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ဝူရှူးအားကစားနည်းသည် အရှိန်အဟုန်တိုးမြင့်လာပြီး ဝူရှူး ဝါသနာရှင်များသည်လည်း တစ်နေ့တခြားများပြားလာသဖြင့် တရုတ်-မြန်မာ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှုသည် အစဉ်အမြဲ အားသစ်လောင်းနေပါကြောင်း၊ အားကစားကွင်း / ရုံများ တည်ဆောက်ခြင်း၊ အားကစားအထောက်အကူပြု ပစ္စည်းထုတ်လုပ်ခြင်း၊ အားကစားသမားများ လေ့ကျင့်ပျိုးထောင်ခြင်း ၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုခြင်းစသည့်ကဏ္ဍတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန် ဆန္ဒရှိပါကြောင်းနှင့် မြန်မာနိုင်ငံအားကစားလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်း/ ပြည်ပပြိုင်ပွဲတွင် ထူးချွန်ထက်မြက်သည့် အောင်မြင်မှုရလဒ်ကောင်းများကို မြန်မာနိုင်ငံအားကစား မောင်/မယ်များက ဆွတ်ခူးရရှိနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က ကျေးဇူးတင်စကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ခင်ရင်းနှီး ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များတွင်အားကစားကဏ္ဍ တစ်ရပ်ဟာလည်း ပါဝင်နေပါကြောင်း၊ အာရှအားကစားပြိုင်ပွဲ ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများမှာ နိုင်ငံတော်အတွက် စဉ်ဆက်မပြတ် ဆုတံဆိပ်များကို ရယူပေးနိုင်ခဲ့သည့် မြန်မာ့ဝူရှူးအားကစား အဆင့်အတန်းအောင်မြင်မှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှJoint Training ခေါ်ယူလေ့ကျင့်မှု များ၊ ပြည်ပနည်းပြများရရှိရေးနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ကူညီပံ့ပိုးလှူဒါန်း ပေးခြင်းများကြောင့်ဖြစ်ပါကြောင်း၊ မြန်မာ့ဝူရှူးအားကစားဖွံ့ဖြိုးတိုးတက်စေရေးနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်အောင်မြင်စေရေးအတွက် အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားများကလည်း ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia မှ ကျပ်သိန်းပေါင်း ၁၅၀၀ တန်းဖိုးရှိ ဝူရှူးအားကစားပစ္စည်းများ လှူဒါန်းပေးအပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မှ လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာက ကျေးဇူးတင်စကား ပြန်လည် ပြောကြား၍ မြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် မျိုးဆက်သစ်လူငယ်အားကစားသမား များက စုပေါင်းသရုပ်ပြသကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia နှင့် တွေ့ဆုံ၍ ၂၀၂၆-၂၀၂၇ခုနှစ် တွင် ဘဏ္ဍာရေးဘက်ဂျက်ဖြင့် မြန်မာ့အားကစားအောင်နိုင်ရေး မြင့်မားစေရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မြှင့်တင်နိုင်ရေး၊ နောင်လာမည့် အရှေ့တောင်အာရှ နှင့် အာရှ အားကစားပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများ ရရှိစေရေးတို့အတွက် ဆွေးနွေးပြောကြားခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ Teqball အားကစားရုံသို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော Teqball အားကစားသမားများ လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ ၊ နည်းစနစ် ပိုင်းဆိုင်ရာကိစ္စရပ်များ၊ အားကစားသမားများအခြေခံနည်းစနစ်များကို ကျွမ်းကျင်စေရေး၊ လျင်မြန် ဖျတ်လတ်မှုရှိစေရေး၊ လိမ္မာပါးနပ်မှုရှိစွာဖြင့် ယှဉ်ပြိုင်နိုင်စေရေး ၊ စိတ်ဓာတ်ကောင်းပြီး စည်းကမ်း ရှိစွာဖြင့် စွမ်းအားများတိုး၍ စည်းလုံးမှုရှိကာ စံချိန် ၊ စံညွှန်း၊ စံနှုန်းများကောင်းမွန်အောင် ကြိုးစား ကြရန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 ပြေးခုန်ပစ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင် က အမှာစကားပြောကြား ရာတွင်ပြေးခုန်ပစ်အားကစားနည်းဟာအိုလံပစ်အားကစာနည်းများအနက်ပထမဦးဆုံး ခေါင်းဆောင် ဖခင် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း ၊ မြန်မာ့ပြေးခုန်ပစ်အားကစားလောက အတွက် နိုင်ငံတကာဆုတံဆိပ်ဆွတ်ခူးရရှိခဲ့မှု အမြင့်ဆုံးအနေနဲ့ အာရှပြိုင်ပွဲအဆင့်မှာ ဆုတံဆိပ်ပေါင်း များစွာဆွတ်ခူးရရှိခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါကြောင်း ၊ ယခုလိုနိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုဆုတံဆိပ်များရရှိပြီး ပြန်လည်ဦးမော့လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ခါးဆက်မပြတ်စေရေးအတွက် မြန်မာပြည်တစ်ဝန်း တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး မှပညာရေးဝန်ကြီးဌာနနဲ့ပေါင်းစပ်ညှိနှိုင်းပြီး အခြေခံပညာကျောင်းများမှာ ပြေးခုန်ပစ် အားကစား နည်းကို စိတ်ဝင်စားလာအောင် စည်းရုံးဆောင်ရွက်ကြဖို့လိုကြောင်း၊ နိုင်ငံတော်က မြန်မာ့ အားကစားကဏ္ဍကို အစွမ်းကုန်အားပေးချီးမြှောက်နေသည့် အခွင့်အခါသာခိုက်အချိန်မှာ တိုင်းဒေသကြီး နှင့်ပြည်နယ် ပြိုင်ပွဲကတဆင့် နိုင်ငံတော်က အားထားရသည့် ထူးချွန်ထက်မြက်တဲ့ နိုင်ငံဂုဏ်ဆောင်အားကစားသမားများဖြစ်အောင်ကြိုးစားကြပြီး နိုင်ငံတကာအလယ်မှာ အမိမြန်မာ နိုင်ငံတော်ရဲ့အလံကို တိုင်ထိပ်ရောက်အောင် လွှင့်ထူနိုင်စွမ်းရှိကြသူများဖြစ်အောင် ကြိုးစားကြ ရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို ခဲ့ပြီးနောက် ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အ.ထ.က(၁) လသာမှ ဘင်ခရာနှင့်ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၅)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသားမီတာ(၁၀၀ x ၄) လက်ဆင့်ကမ်း ပြိုင်ပွဲနှင့် အမျိုးသမီးမီတာ (၁၀၀ x ၄) လက်ဆင့်ကမ်း ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။